တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသး လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့က ခေါင်းဆောင်များနှင့် NCA လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ မတ်လ ၂၇ ရက်နေ့တွင် ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံဆွေးနွေးကြမည်ဟုသိရသည်။
နှစ်ဖက်တွေ့ဆုံဖို့အတွက် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ကနေ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN က တရားဝင် အကြောင်းကြားလာသည်ဟု သိရသည်။
၎င်းနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပနေသည့် အစိုးရနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ ထိပ်သီးအစည်းအဝေးမှ တွေ့ဆုံဆွေးနွေးရန် ဒီကနေ့ မတ်လ ၂၅ ရက်နေ့တွင် သဘောတူဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
နှစ်ဖက် တွေ့ဆုံဆွေးနွေးဖို့အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ဦးခိုင်စိုးနိုင်အောင် ခေါင်းဆောင်ပြီး ပဒိုစောကွယ်ထူးဝင်း၊ဆလိုင်လျန်းမှုန်းဆာခေါင်၊ ဒေါက်တာ ရွှေခါး၊ ဗိုလ်မှူး ကျော်ညွန့်၊ ရဲဘော်သံခဲ၊ ရဲဘော် မိဆူးပွင့် နှင့် စောမြရာဇာလင်း ပါဝင်သည့် ၈ ဦးပါအဖွဲ့ ဖွဲ့စည်းခဲ့သည်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(DPN)တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ခူဦးရယ် (KNPP)၊ အဖွဲ့ဒုခေါင်းဆောင် (၁) ဗိုလ်မှူးချုပ် စဝ် စိုင်းထူး (SSPP/SSA)၊ အဖွဲ့ဒုခေါင်းဆောင် (၂) ဗိုလ်ချုပ် ဂွန်မော် (KIO)နှင့် အဖွဲ့ဝင်များ အဖြစ် ဗိုလ်မှူး တာပန်လ (TNLA)၊ ဒုဗိုလ်မှူးကြီး ဖုန်းဝင်းနိုင် (MNDAA)၊ စဝ်ဆေအွန် (SSPP/SSA)၊ နိုင်ရွှေသိန်း (MNSP)၊ ဒူးဝါး ဘောမ်ဝမ်လရော် (KIO)၊ ဗိုလ်မှူးကြီး မင်းထွန်း (ANC)၊ ဗိုလ် မှူးကြီး ဆော်လမွန် (LDU)၊ ဗိုလ်မှူး တာ့ညီလူ (WNO) နှင့် အဖွဲ့ဝင် ၁၅ ဦး ပါဝင်ကြောင်း သိရသည်။