ငြိမ်းချမ်းရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အစိုးရနှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် အပစ်ရပ်လက်မှတ်မရေးထိုးကြရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဒုတိယအကြိမ် EAO ထိပ်သီးအစည်းအဝေးမှ ဖွဲ့စည်းခဲ့သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ ဦးခိုင်စိုးနိုင်အောင် ဦးဆောင်သော DEU အဖွဲ့နှင့် UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့မှ ခူးဦးရယ် ဦးဆောင်သော DPN အဖွဲ့တို့ ဒီကနေ့မတ်လ ၂၇ ရက်နေ့မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးနေသည်။
ယခု တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး မတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ NCA အပစ်ရပ်အဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ EDU အဖွဲ့ဝင် ပဒိုစောကွယ်ထူးဝင်း မှ “ငြိမ်းချမ်းရေးတည်ဆောက်မှုအတွင်းမှာ ဘယ်လိုဆက်လက်ပူးပေါင်း နိုင်မလဲဆိုတဲ့ ကိစ္စကိုဆွေးနွေး မယ်။ ရှင်းရှင်းပြောရရင် လက်ရှိနိုင်ငံရေးအခြေအနေနဲ့ ကျနော်တို့ အမြင်တွေဖလှယ်ကြမယ်။ သုံးသပ်မယ်။ ပြီးလို့ရှိရင်ရှေ့ ဘယ်လို ဆက်သွားမလဲ။ ဆိုလိုတာက ကျနော်တို့ ရည်မှန်းချက်က အတူတူပါပဲ။ NCA ကို အတူတူညှိကြတာပါပဲ။ ဒါပေမယ့် ဒီလိုရှိနေတဲ့ အနေအထားမှာ ကိုယ့်ရည်မှန်းချက်ရောက်ဖို့ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ တလမ်းတည်းသွားကြမလား နို့မဟုတ်ရင် ခွဲပြီးတော့ သွားမလား နည်းလမ်းတွေအမျိုးမျိုးရှိပါတယ်” ဟု သတင်းထောက်များကို ပြောဆိုသည်။
ယနေ့အစည်းအဝေးတွင် EDU အဖွဲ့မှ အစိုးရနဲ့ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများကို တင်ပြဆွေးနွေးခြင်း၊ DPN အဖွဲ့မှလည်း ၎င်းတို့အဖွဲ့၏ လုပ်ဆောင်ခဲ့သည့် လုပ်ငန်းများ တင်ပြကြပြီး ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဟု သိရှိရသည်။