သတင်းနှင့် မီဒီယာ ကွန်ယက်။
ဧပြီလ ၂၀ ရက် ၂၀၁၆ ခုနှစ်။

အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအဝင် နိုင်ငံရေးဆွေးနွေးပွဲ အတွက် ပြင်ဆင်နိုင်ရန် အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးသဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရသေးသည့် UNFC အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၉ ဖွဲ့မှ ခေါင်းဆောင်များ တက်ရောက် ဆွေးနွေးနေသည်။

၎င်းဆွေးနွေးပွဲတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF တို့အကြား ဖြစ်ပွားနေသည့် အခြေအနေများကို ကြားဝင်ဖြေရှင်းပေးနေမှု နောက်ဆုံးအခြေအနေများလည်း ဆွေးနွေးသွားကြမည်ဟု သိရသည်။.

တဆက်တည်းမှာပင် ရခိုင်ပြည်အမျိုးသား ကောင်စီ ANC အဖွဲ့နှင့် ရက္ခိုင့်တပ်မတော် AA အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရေးကိစ္စ ကြားဝင်ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်း ဆွေးနွေးသွားကြမည် ဟု သိရသည်။

UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီမှ နိုင်ငံရေး ဆွေးနွေးပွဲများ ဦးဆောင်သွားနိုင်ရန် ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေး ကိုယ်စားလှယ် DPN အဖွဲ့၏ ငြိမ်းချမ်းရေး မဟာဗျူဟာများကိုလည်း ဆွေးနွေးဆုံးဖြတ်သွားကြရန် ရှိသည်ဟု သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီSSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ မွန်ပြည်သစ်ပါတီNMSP၊ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက် တစ်ပါတီLDP၊ ၀ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး PSLF၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ MNDAA အဖွဲ့များ ပါဝင်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။