သတင်းနှင့်မီဒီယာကွန်ယက်။
ဧပြီလ ၂၁ ရက် ၊ ၂၀၁၆ ခုနှစ်။
ယခင် မြန်မာအစိုးရ နဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည် တပ်မတော် မြောက်ပိုင်းတပ်ဖွဲ့များ အခြေစိုက်တပ်စခန်းနှစ်ခုကို အစိုးရတပ်မတော်မှ ဧပြီလ ၂၂ ရက်နေ့ နောက်ဆုံးထားဆုတ်ခွာပေးရန် ညွှန်ကြားလာသည်ဟု သိရသည်။
“နုတ်နဲ့ပြောတာပါ။ ၂၂ ရက်နေ့ နောက်ဆုံးပေါ့၊ သူတို့ သံလွင်မြစ်ကြော တစ်လျှောက်လုံး ပိတ် ဆို့ရေးပဲတဲ့၊ သူတို့အဲ့လိုပြောတာပေါ့။ ဆုတ်ပေးဆိုတာလည်း ကျနော်တို့ ဒေသတွေ ဖြစ်နေတာ လွန်ခဲ့တဲ့ နှစ် ၂၀ / ၃၀ ကတည်းကနေ နေခဲ့တဲ့ ဒေသတွေ ဖြစ်တယ်။ အဲ့တော့ မဆုတ်ပေးနိုင်တဲ့ သဘောပါပဲ” ဟု SSPP/SSA ဝမ်ဟိုင်းဌာနချုပ်မှ ရုံးတာဝန်ခံက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ် တောင်ဖက်ခြမ်းမှာရှိသော လွိုင်ကြေးနှင့် လွိုင်လန်း နေရာများရှိ SSPP/SSA စခန်းများကို ဆုတ်ခွာပေးရန် လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖုန်းမြတ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ဆက်ဆံရေးရုံးသို့ လာရောက် ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
၂၀၁၄ ခုနှစ်တုန်းကလည်း မြန်မာအစိုးရတပ်မတော်အနေနှင့် အဆိုပါဒေသတွင်ရှိသော ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့များကို ဆုတ်ခွာပေးရန် တစ်ကြိမ်ညွန် ကြားခဲ့ဖူး တယ်လို့လည်း သိရသည်။
အစိုးရတပ်မတော်မှ သံလွင်မြစ်အနောက်ဖက်ခြမ်းတွင် အခြေစိုက်ထားသည့် SSPP တပ်ဖွဲ့များကို ဆုတ်ခွာခိုင်းသော နေရာသည် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချူပ်နယ် မြေဖြစ်သည့် ပန်ယန်းဒေသနှင့် ဆက်စပ်နယ်မြေဖြစ်သည့်အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းတပ်ဖွဲ့များ ဆယ်စုနှစ်များစွာ အခြေစိုက် လှုပ်ရှားနေထိုင်သည့် နေရာများဖြစ်သည်။
SSPP/SSA တပ်ဖွဲ့များအနေနှင့် ဆုတ်ခွာပေးနိုင်မည် မဟုတ်သည့် အတွက် အခုလ ၂၀ ရက်နေ့ နေ့လည်ပိုင်းတွင် SSPP/SSA လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး အောင်လတ် မှ လားရှိုးမြို့မှာရှိသည့် အရှေ့မြောက်တိုင်း စစ်ဌာနချူပ် တိုင်းမှူးနှင့် သွားရောက် တွေ့ဆုံညှိနှိုင်းနေ သည်ဟု သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့သည် ၂၀၁၂ ခုနှစ်က အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါသည်။