သတင်းနှင့်မီဒီယာကွန်ယက်။

ဧပြီလ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်

ကချင်ပြည်နယ်ရှိတိုင်းရင်းသားများအားလုံး မူးယစ်ဆေးဝါးရန်ကိုကောင်းစွာသိရှိနားလည်ပြီး နှိုးကြားပြောင်းလဲလာစေရန် ရည်ရွယ်ချက်ဖြင့် ကချင်အမျိုးသားများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ လူထုဆုတောင်းပွဲကို ဧပြီ(၂၅) ရက်နေ့ နံနက် ၈နာရီတွင် စီတာပူရပ်ကွက်ရှိ မနောကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

“ကျွန်တော်တို့ ဒီနေ့ပြုလုပ်တဲ့ Anti Drug Day ကိုအစိုးရကနေသတ်မှတ်ပေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့က နေပြီးတော့ ကျွန်တော်တို့ ကချင်အမျိုးသားများသာမဟုတ်ပဲ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးကို ကျွန်တော်တို့အချင်းချင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး အမြင်ဖွင့်ပေးရမယ်၊ သူတို့ နားလည်သဘောပေါက်လာအောင် ဟောပြောပေးရမယ်၊ ဒါကြောင့်ဒီလိုပွဲတွေလုပ်ဖို့လိုအပ်ပါတယ်” ဟု ဘုန်းတော်ကြီး ဂေါ့လူယုန်ဝါက ပြောကြားသည်။

ပြည်သူများကလမ်းလျှောက်ချီတက်ကာ “မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဒို့အရေး၊ မူးယစ်ရောင်းသူ ဒို့ရန်သူ၊ မူးယစ်ဆေးဝါး ဒို့မလိုလား၊ မူးယစ်ဆေးဝါး ပပျောက်ရေး ဒို့အရေး စသည့်ကြွေးကြော်သံများဖြင့် လူထုဆန္ဒ ထုတ်ဖော်ခြင်းကိုလည်း ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို လုပ်ဆောင်လာခဲ့ရာ ယခုချိန်တွင် မူးယစ် ဆေးဝါးသုံးစွဲခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှုများ ၇၀ရာခိုင်နှုန်းခန့်လျော့ကျသွားပြီဖြစ်ကြောင်း လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ တာဝန်ခံဦးလုံဂျုံတူးရော်ကပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူများအား ဖမ်းဆီးအရေးယူခြင်း၊ သက်ဆိုင်ရာ ဌာနအား ဥပဒေနှင့်အညီအရေးယူ နိုင်ရန်ရဲစခန်းသို့အပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများအားဆေးဖြတ်စခန်းတွင် ဆေးဖြစ်ပေးခြင်းများ လုပ်ဆောင် ခဲ့ရာတွင်လည်း အောင်မြင်မှုရှိကြောင်းသိရှိရသည်။

မြစ်ကြီးနားခရစ်ယာန်ကောင်စီ (MCC) မှသင်းအုပ်ဆရာကြီးများ၊ ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) ကော်မတီနှင့် ဒေသခံပြည်သူ ၃၀၀၀ကျော်ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် လူထုဆုတောင်းပွဲကို လွန်ခဲ့သည့် ၂၀၁၅ခုနှစ် ဧပြီ ၂၅ ရက်နေ့တွင် စတင်ကာ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။