သတင်းနှင့်မီဒီယာကွန်ယက်။
ဧပြီလ ၂၅ ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ရှေ့တန်း တပ်စခန်းများကို မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းသည်လုံး၀ မပြုလုပ်သင့် ကြောင်း ကန့်ကွက်ရှုံချကြောင်း ကချင်အမျိုးသားအစည်းအရုံး ( KNC/KNO ) ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော်က သတင်းနှင့် မီဒီယာကွန်ယက်သို့ပြောသည်။

“အဲဒီဟာတွေက လုံးဝမလုပ်သင့်တာ ရှမ်းဒေသမှာသော်လည်းကောင်း ရခိုင်ဒေသမှာသော်လည်း ကောင်း ကျန်တဲ့ဒေသမှာသော်လည်းကောင်း ကချင်ကြီးပဲ မဟုတ်ဘူးပေါ့ စစ်ဆင်ရေး အဲလို စစ်တိုက် တဲ့ စစ်ရေးနဲ့ဖြေရှင်းတဲ့စနစ်ကို အခုကျနော်တို့ မလုပ်သင့်ဘူးဗျ မလုပ်သင့်ဘူး လုံးဝမလုပ်သင့်ဘူး ဘာဖြစ်လို့လဲဆိုတော့ အဲလို စစ်တိုက်တဲ့စနစ်ကို မလုပ်ဖို့ပဲ ပြည်သူလူထုတစ်ရပ်လုံးက အရပ်သား အစိုးရဖြစ်မြောက်ဖို့ ကြိုးစားပြီးမှ မဲပြားနဲ့တိုက်ပွဲကို အနိုင်ယူတဲ့အချိန်မှာ အစိုးရသစ်ကလည်းဖြစ်လာ ပြီလေနော ပြည်သူလူထုကထောက်ခံတဲ့အစိုးရ အရပ်သားအစိုးရဖြစ်တဲ့အခါမှ ဒီစစ်ဆင်မှုတွေဟာ ဆက်လုပ်မယ်ဆိုရင်တော့ ဒါကတော့ မလုပ်သင့်တဲ့ အလုပ်တခုဖြစ်တယ် အဲဒါကြောင့်မို့လို့ အားလုံးကို ခြုံပြီးရှုံ့ချတာပါ”

ယမန်နေ့ ဧပြီ ၂၄ ရက်နေ့က ကချင်အမျိုးသားအစည်းအရုံး ( KNC/KNO ) မှ ထုတ်ပြန်သော ထုတ်ပြန်ချက်တွင်လည်း မြန်မာအစိုးသစ်အနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၏ နယ်မြေများအတွင်းသို့ ထိုးစစ်ဆင်မုှများ ဆက်လက်ပြုလုပ်နေမည် ဆိုပါက ပြည်တွင်းစစ်ကြီးပင်လျှင် ဖြစ်လာနိုင်သည်ဟု ထည့်သွင်းဖော်ပြထားသည်။

ဒါ့အပြင် မြန်မာပြည်သူပြည်သားများ ရွေးကောက်တင်မြောက်လိုက်သော အစိုးရသစ် ထွက်ပေါ်လာ ခြင်းကြောင့် မြန်မာပြည်သူပြည်သားများ လွန်စွာဝမ်းမြောက်ဝမ်းသာလျက် ရှိနေချိန်တွင် မြန်မာစစ်တပ် မှ တိုင်းရင်းသားဒေသအပါအဝင်  KIO/KIA ရှိရာ ကချင်ပြည်နယ်အတွင်းသို့ ဧပြီလဆန်းမှစ၍ ယနေ့အချိန်ထိ ထိုးစစ်ဆင် တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှုများ ပြုလုပ်လာခြင်းသည် အင်မတန်မှ ယုတ်မာ ကောက်ကျစ်သော နည်းလမ်းပင်ဖြစ်သည်ဟု ၎င်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာအစိုးရသစ်အနေဖြင့် ကချင်ပြည်အတွင်းရှိ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်အား၊ မိမိတို့နေရပ် သို့ အသက်ဘေးအန္တရာယ်ကင်းပြီး လုံခြုံစွာပြန်နိုင်ရန်အတွက် လုပ်ဆောင်ပေးရမည်ဖြစ်ပြီး ထိုပြည် သူပြည်သားများ၏ စားဝတ်နေရေးအတွက်လည်း လုပ်ဆောင်ပေးရမည်ဟု  ( KNC/ KNO ) ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ်လရော်က အခုလိုဆက်ပြောသည်။

“အန်ကယ်တို့အနေနဲ့ကတော့ ဒီလိုရှိတယ် အခုစစ်ဖြစ်ပြီးတော့ ဖြစ်လာတဲ့ စစ်ပြေးဒုက္ခသည် အား လုံးကို အစိုးရအသစ်ကတော့ မိဘသဖွယ်ပေါ့နော သူတို့ရဲ့နေရပ်ကို ပြန်ခိုင်းစေချင်တယ် သူတို့ အိမ်တွေခြေ တွေကိုလည်းပြန်ပေးရမယ် နောက်ပြီးတော့ သူတို့ရဲ့စားဝတ်နေရေးကိုလည်း အစိုးရက ကြည့်ရှု့ပေးရမယ် နောက်တခုက ပြန်ရောက်လာတဲ့ အချိန်မှာ သူတို့ရဲ့ အသက်လုံခြုံမှုပေါ့လေ စသဖြင့် ကျန်းမာရေး ကလေးတွေရဲ့ပညာရေး စသဖြင့် အားလုံး မိဘလုပ်ရမဲ့ အလုပ်တွေအားလုံး အစိုးရသစ် အနေနဲ့ တသွေမတိမ်း လုပ်ပေးဖို့ တာဝန်အပြည့်အဝရှိတယ်လို့ အန်ကယ်တို့က အဲလိုဆုံးဖြတ်တာပါ”

ယခုကဲ့သို့ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ ဆက်လက် ပြုလုပ်နေမည်ဆိုပါက မိမိတို့ ကချင်အမျိုးသား အစည်းအရုံး (KNO) အနေဖြင့်၊ ကချင်ပြည်နယ်အတွင်းရှိ ပြည်သူ ပြည်သားများနှင့် အတူတကွလက်တွဲပြီး ကချင်ပြည်သူပြည်သားများနှင့် ကချင်ပြြည်ကီးကို ကာကွယ် မည့် စီမံကိန်းကြီးကို အားထုတ်ကြိုးပမ်း အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

မြန်မာအစိုးရသစ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာကို စစ်ရေးနည်းဖြင့် မဖြေရှင်းဘဲ အကြမ်းမဖက်သော နည်းလမ်းဖြင့် စားပွဲပေါ်တွင် ငြိမ်းချမ်းစွာ ဆွေးနွေး ညှိနှိုင်း အဖြေရှာ သောနည်းလမ်းကို အလျင်အမြန် ဦးဆောင်ပြီး လုပ်ဆောင်သွားသင့်ကြောင်း ထည့်သွင်းတောင်းဆို ထားသည်။

အမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် သမ္မတတာဝန်ယူပြီး သုံးလအကြာ ကချင်ပြည်နယ်အတွင်း တွင် စစ်ပွဲပြန်လည်ဖြစ်ပွားလာခဲ့သလို ပြည်သူလူထုကရွေးကောက်တင်မြောက်ထားသော အစိုးရသစ် လက်ထက်တွင်လည်း ယခုလိုစစ်ဆင်ရေးပြန်လည် လုပ်ဆောင်လာသည့်အတွက် ဒေသခံများက စစ်ပွဲကြီး ပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်ဟုသိရသည်။