
ဓာတ်ပုံ – တာချီလိတ်မူးယစ် facebook
သတင်းနှင့် မီဒီယာ ကွန်ယက်။
မေလ ၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မေလ ၃ ရက်နေ့ နေ့လည်တစ်နာရီခွဲက မြန်မာကျပ်ငွေ သိန်း ၂၀၀ ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးနှင့် တရာခံတစ်ဦး ကို တာချီလိတ် လွယ်တော်ခမ်း အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။
တာချီလိတ်မြို့ပြင်မှာရှိသည့် ဂျောပ ( အောက် ) ကျေးရွာမှ တာချီလိတ်မြို့ဖက်သို့ Wave-110 အမျိုးအစား ဆိုင်ကယ် အား မောင်းနင်လာသည့် အသက် ၂၄ နှစ်အရွယ် အားမူ ဆိုသူကို ရပ်တန့် စစ်ဆေးခဲ့ရာက မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု တာချီလိတ် မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ အတည်ပြု ပြောဆိုသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY စာတမ်းပါ စိတ်ကြွဆေးပြား(၆၄၀၀)ပြား၊ အလေးချိန် (၆၄၀)ဂရမ်ခန့်၊ ဘိန်းစိမ်း(၃)ကီလိုခန့်၊ ဘိန်းဖြူ(၂၀) ဂရမ်ခန့်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ပြီး ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော်ရှိသည်ဟု သိရသည်။
ဖမ်းဆီးရမိသည့် တရားခံကို မူးယစ်ပုဒ်မများဖြစ်သည့် ၁၅/၁၉(က)/၂၁ အရ တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။
အလားတူ လွန်ခဲ့သည့်လ ဧပြီလ ၁၂ ရက်နေ့တွင်လည်း ကျပ်ငွေ သိန်းပေါင်း ၈၀ ခန့် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါး များနှင့် အသက် ၄၉ နှစ်အရွယ် တရားခံ လော်ထူ ဆိုသူကိုလည်း တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်တွင် ဖမ်းဆီး ရမိခဲ့သည်။