
RCSS နှင့် TNLA တပ်ဖွဲ့များ ( ဓာတ်ပုံ – အင်တာနက် )
သတင်းနှင့် မီဒီယာ ကွန်ယက်။
မေလ ၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ်းခမ်းမြို့၊ ကျောက်မဲမြို့နှင့် မန်တုံမြို့နယ်အတွင်းရှိ နေရာ ၅ နေရာ တွင် RCSS/SSA နှင့် PSLF/TNLA တို့အကြား မေလ ၃ ရက်နေ့မှစပြီး တိုက်ပွဲများအပြင်းအထန် ပြန်လည်ဖြစ်ပွားနေသည် ဟုသိရသည်။
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) မှ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူးတာပန်လက “ပြီးခဲ့တဲ့ ၃ ရက်လောက်နေပြီးတော့ တိုက်ပွဲတွေထိုးတယ် ကျနော်တို့ ဒီ မြန်မာတပ်မတော်နှင့်လည်း တိုက် ပွဲဖြစ်တယ် အထူးသဖြင့် ပြီးခဲ့တဲ့ ၃ ရက်ကနေစပြီးတော့ ယနေ့ ထိက နမ့်ခမ်းနယ်၊ မန်တုံနယ် ကျောက်မဲ ထဲမှာတော့ အထူးသဖြင့် ကျနော်တို့ရဲ့ တပ်မဟာ ၁ တပ်မဟာ ၂ တပ်မဟာ ၃ တွေမှာ အဲဒီ RCSS နှင့် တိုက်ပွဲ အကြိမ်ရေ တော်တော်များများနှင့် ဖြစ်နေတယ်ပေါ့နော ဒီနေ့ လည်းပဲ သုံးလေးကြိမ် ဖြစ်နေတယ်လို့တော့ ကြားရတယ်”ဟုပြောသည်။
ယခုလ ၁ ရက်နေ့ ကနေ ၃ ရက်နေ့ အထိ တိုက်ပွဲများ ဆက်တိုက်ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အထက် ပါမြို့နယ်များ အပါအဝင် မိုင်းဝီးနှင့် သီပေါ မြို့နယ်အတွင်းမှာလည်း အခုလ ၁ ရက်နေ့ နှင့် ၂ ရက် နေ့က တိုက်ပွဲများ ပြင်း ထန်စွာ ဖြစ်ပွားခဲ့သည်ဟု နှစ်ဖက်တာဝန်ရှိသူများက သတင်းနှင့်မီဒီယာ ကွန်ယက်သို့ပြောဆိုသည်။
အဆိုပါတိုက်ပွဲများနှင့် ပတ်သက်၍ TNLA ဘက်မှ စစ်ကြောင်းနှစ်ကြောင်းနှင့် ထိုးစစ်ဆင် ထပ်မံ တိုက်ခိုက် လာကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က မေလ ၁ ရက်နေ့ က ထုတ်ပြန်ကြေငြာချက် တစ်စောင်ထုတ်ပြန်ခဲ့ပါသည်။
RCSS/SSA မှ ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်းက “တိုက်ပွဲကတော့ သူတို့ မန်တုံပေါ့နော မန်တုံနဲ့ ဒီမိုင်းဝီးမြို့နယ် အစပ်မှာရှိတဲ့ ဆိုင်းလိန် လွယ်ဟွမ် တို့ အဲဒီနေရာမှာရှိတဲ့ ကျနော်တို့ တပ်တွေကို သူတို့ ထပ်ပြီးတော့ လာတိုက်တာဖြစ်ပါတယ်။ မနေ့ က ၁ ရက်နေ့ မေလ မနက်ပိုင်း ကနေစ ပြီးတော့ တိုက်ပါတယ်။ သူတို့ ထပ်ပြီးတော့ လာတိုက်တာပဲ ကျနော်တို့ကတော့ ဒီတိုင်းပဲ နေနေတာပါ” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရခြင်းသည် အပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားခြင်း၊ မရေးထိုး ထားခြင်းနှင့် မသက်ဆိုင်ကြောင်း၊ PSLF/TNLA အနေဖြင့် မိမိတိုအား စတင်တိုက်ခိုက်ရသော အ ကြောင်းရင်းကို မိမိတို့ အနေဖြင့် မသိရှိရသေးကြောင်း၊ တွေ့ဆုံဆွေးနွေးရန် မျှော်လင့်ကြောင်းRCSS/SSA ကဆိုသည်။
PSLF/TNLA အဖွဲ့က တိုက်ပွဲဖြစ်ရခြင်းသည် မိမိတို့နယ်မြေအတွင်းသို့ RCSS/SSA မှ တပ် အင် အားတိုးချဲ့ တည်ဆောက်လာခြင်းကြောင့်ဖြစ်ပြီး RCSS/SSA အနေဖြင့် ၎င်းတို့၏ ဌာနချုပ် လွယ်တိုင်းလျန်း သို့ ပြန် သွားမည်ဆိုပါက ယခင်အခြေအနေအတိုင်း နယ်မြေပြန်လည် တည်ငြိမ် အေးချမ်းလာမည် ဟုဆိုသည်။
“ကျနော်တို့ တိုင်းရင်းသား အဖွဲ့အစည်းချင်း အပြန်အလှန် အသိအမှတ်ပြုပြီးတော့ ပြဿနာ မဖြစ် ပွားအောင်နေဖို့ သူတို့ဖက် သူတို့ရဲ့လာရာဌာနကို ပြန်ပြီးတော့ သွားဖို့လိုပါတယ်။ အဲလိုမျိုးပြန် သွားမယ်ဆိုရင် ကျနော်တို့ ဖက်ကလည်း အနှောက်အယှက်ပေးမှာ မဟုတ်ဘူး။ ကျနော်ဖက်က စောစောကတည်း ကူညီပေးမယ်လို့ ကျနော် တို့က ပြောထားပြီးသားဖြစ်ပါတယ်။ သူတို့တွေ ပြန် သွား မယ်ဆိုရင် ဒီဒေသက မူလအနေအထား မျိုး ပြန် လည် ပြီးတော့ ငြိမ်းချမ်းသွားမှာ ဖြစ်သလို ကျနော်တို့ နှစ်ဖွဲ့ကြားကလည်း ပဠိပက္ခ ဖြစ်ပွားစရာ အ ကြောင်းမရှိတော့ ပါဘူး”ဟု တာပန်လက ပြောသည်
RCSS/SSA မှ ရှမ်းပြည်မြောက်ပိုင်းသို့ တပ်အင်အား တိုးချဲ့တည်ဆောက် ခြင်းသည်အပစ်ခတ်ရပ်စဲ ရေးစာချုပ်NCA လက်မှတ် မရေးထိုးခင်အခြေအနေနှင့် ရေးထိုးပြီးနောက်ပိုင်း အခြေအနေများစွာ ကွာဟသွားကြောင်း၊ မူလက ရှမ်းပြည်မြောက်ပိုင်းတွင် RCSS/SSA ဖက်မှ တပ်အင်အား ၈၀ ကနေ ၁၀၀ ဝန်းကျင်သာရှိပြီး ယခုနောက်ပိုင်းတွင် အင်အား ထောင်ဂဏ္ဍာန်းအထိ တိုးချဲ့ ပြီး တပ်စခန်း များကို အခိုင်အမာ တည်ဆောက်လာသည်ဟု PSLF/TNLA ကဆိုသည်
၎င်း လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့အကြား တိုက်ပွဲများ ရပ်စဲသွားနိုင်ရေးအတွက် နှစ်ဘက် တွေ့ဆုံ ဆွေးနွေး မှုများ ပြုလုပ်နိုင်ရန် TNLA တပ်ဖွဲ့ဖက်မှ အဆိုပြုထားသည့် မိုင်းလားဒေသတွင် တွေ့ဆုံရေးကိစ္စကို ဧပြီလ ၂၃ ရက်နေ့က RCSS အဖွဲ့မှလက်ခံကြောင်း ကြားဝင်ဆောင်ရွက် ပေးနေကြသည့် UWSA ၀ ပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော် ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် မိုင်းလားတပ်ဖွဲ့တွေထံ စာရေးအကြောင်းပြန်ကြား ထားသည်ဟု ဒု-ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောသည်။
ရှမ်းပြည်နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့ကစတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် နှစ်ဘက် ထိခိုက် ကျဆုံးမှု များပြားခဲ့သည်ဟု သိရသည်။