UWSA တပ်စခန်းတချို့ဖယ်ရှားပေးရန် ထိုင်းမှ တောင်းဆို

သတင်းနှင့်မီဒီယာ ကွန်ယက်။
မေလ ၃၀ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ထိုင်း မြန်မာ နယ်ခြားကော်မတီ TBC အဖွဲ့၏ ၈၆ ကြိမ်မြောက် အစည်းအဝေးကို ဒီကနေ့ ထိုင်း မြန်မာနယ်စပ် မယ်ဆိုင်မြို့မှာရှိသည့် Maekhong Delta Boutique Hotel တွင် ကျင်းပခဲ့သည်။

TBC အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ်စည်းမျဉ်းကျော်၍ စခန်းချနေသည့် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်စခန်းတချို့ နောက်ဆုတ် ဖယ်ရှားပေးဖို့ ထိုင်းဖက်မှ တောင်းဆိုခဲ့သည်ဟု အမည်မဖော်လိုသည့် ထိုင်းစစ်တပ်အရာရှိတစ်ဦးမှ ပြောသည်။

UWSA တပ်စခန်းဖယ်ရှားပေးရန် တောင်းဆိုခဲ့သည့်နေရာများမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင် ချင်းဒေါင်းမြို့နယ်အနီး နှင့် မယ်ဟောင်ဆောင်ခရိုင်၊ ပိုင်းမြို့နယ်အနီးက UWSA တပ်မဟာ ၇၇၈ လက်အောက်ခံ တပ်စခန်းများဖြစ်သည်ဟု သိရသည်။

မြန်မာဖက်ခြမ်းမှလည်း တာချီလိတ်မြို့အနီးမှ ဒွိုင်လန်နယ်မြေတွင် ထိုင်းဖက်မှ နယ်ခြားမှတ်တိုင် နှစ်နေရာ လာစိုက်ထူပြီး နယ်ခြားစောင့်တပ် ၂၉ ဦး လာရောက်တပ်စခန်းချထားမှု ဖယ်ရှား ပေးရေးနှင့် နှစ်နိုင်ငံပိုင်ဆိုင်သည့် မယ်ဆိုင်ချောင်းအတွင် ထိုင်းဖက်ခြမ်းမှ ချောင်းကို ပိတ်ပင်ပြီး ရေစီးရေလာပြောင်းလဲအောင် လုပ်ဆောင်နေမှုတွေကို ရပ်တန့်ပေးဖို့ တောင်းဆိုခဲ့ကြသည်ဟု သိရသည်။

နှစ်နိုင်ငံ TBC အဖွဲ့ဝင်များ ဆွေးနွေးရာတွင် UWSA တပ်စခန်းရွှေ့ပြောင်းပေးရေးကိစ္စအား အထက်အဆင့်သို့ တင်ပြထားပြီး မကြာမှီပြေလည်သွားမည်ဖြစ်ကြောင်း မြန်မာဖက်ခြမ်းက တာဝန်ရှိသူများက တုန့်ပြန်ပြောဆိုခဲ့ပြီး နယ်ခြားမှတ်တိုင်ကိစ္စအား ၂၀၀၁ ခုနှစ် စက်တင်ဘာလက ချွန်ဘူရီ RBC အစည်းအဝေးတွင် နှစ်နိုင်ငံသဘောတူညီမှု ရရှိခဲ့ပြီး ဖြစ်၍ ဖယ်ရှားပေးနိုင်မည်မဟုတ်ဟု ထိုင်းတာဝန်ရှိသူများက ပြောဆိုပြီး ပူးတွဲနယ်နမိတ်ကော်မတီ JBC အစည်းအဝေးများတွင် ဆက်ဆွေးနွေးသွားကြရန် ဆွေးနွေးခဲ့ကြသည်။

မယ်ဆိုင်မြို့တွင်ကျင်းပသည့် ထိုင်း မြန်မာ နယ်ခြားကော်မတီ TBC အစည်းအဝေးကို မြန်မာနိုင်ငံဖက်ခြမ်းမှ ဒု ဗိုလ်မှူးကြီး အောင်မြင့်ဦး ခေါင်းဆောင်၍ အဖွဲ့ဝင် ၂၅ ဦးတက် ရောက်ခဲ့ပြီး ထိုင်းနိုင်ငံက ဗိုလ်မှူးကြီး Prapat found Suwan ခေါင်းဆောင်သည့် အဖွဲ့ဝင် ၄၇ ဦး တက်ရောက်ခဲ့ကြသည်။