တကျော့ပြန်စစ်ပွဲကြောင့် KIO နိုင်ငံရေးလမ်းကြောင်းပေါ်ရောက်ဟုဆို

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၁၀ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်အတွင်း စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီးနောက် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO သည် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးလမ်းကြောင်းကို ရောက်ရှိနေပြီဟု KIA ကချင်လွတ်လပ်ရေး တပ်မတော် ဌာနချူပ် လိုင်ဇာမြို့တွင် ဇွန်လ ၉ ရက်နေ့တွင် ကျင်းပသည့် စစ်ပွဲ ၅ နှစ်ပြည့် ဆုတောင်းပွဲတွင် KIO အထွေထွေအတွင်းရေးမှူး ဦးလနန် က ပြောဆိုလိုက်သည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO သည် ၂၀၁၁ ခုနှစ် ရှေ့ပိုင်းတွင် တော်လှန်ရေးအဖွဲ့ အစည်း တစ်ဖွဲ့ဟု ပြောဆိုရမည်မှာ အတော်ပင်ခက်ခဲသွားပြီး NGOs အဖွ့ဲအစည်းတစ်ဖွဲ့လို ဖြစ်သွားခဲ့ သော်လည်း ၂၀၁၁ ခုနှစ်အတွင်း တကျော့ပြန်စစ်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် KIO/KIA သည် ပိုမိုကောင်းမွန်သော နိုင်ငံရေးလမ်း ကြောင်းပေါ်သို့ ရောက်ရှိသွားခြင်းဖြစ်သည်ဟု KIO အထွေထွေ အတွင်းရေးမှူး ဦးလနန်က ပြောကြားခဲ့သည်။

တကျော့ပြန် စစ်ပွဲများဖြစ်ပေါ်လာပြီးနောက် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO အဖွဲ့သည် တစ်ကြိမ်တခါမှ မပြုလုပ်ခဲ့ဖူးသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင်သည့် တိုင်းရင်းသား ထိပ်သီးအစည်းအဝေး လိုင်ဇာ Conference ကိုပြုလုပ်နိုင်ခဲ့ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ဆောင်ချက်များကိုလည်း ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်ဟု သူက ဆက်ပြောသည်။

၂၀၁၁ ခုနှစ် ဇွန်(၉)ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်းတွင် စစ်ဘေးရှောင် ပြည်သူအများအပြား ရှိခဲ့ပြီး ဆိုးရွားလှသည့် ဘဝအတွေ့ အကြုံများကို (၅) နှစ်တိုင် ကြုံတွေ့ခံစားနေခဲ့ရပြီး အခုချိန်ထိ ဆက်လက် ခံစားနေရဆဲ ဖြစ်သည်။

လတ်တလော နိုင်ငံရေး အခြေအနေပြောင်းလဲမှုနှင့် ဒီမိုကရေစီ အရပ်သား အစိုးရသစ် တစ်ရပ် ဖွဲ့စည်း ပေါ်ပေါက်လာသော်လည်း စစ်ဘေးရှောင် ပြည်သူများအတွက် တိကျခိုင်မာသည့် အဖြေ မရရှိသေးသည့်အပြင် ပံ့ပိုးကူညီမှုများလည်း ဆုတ်ယုတ်သွားသည်ဟု ဇွန်လ (၉) ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည့် ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် ပြည်သူ များ(IDPs) ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ပြည်သူများ၏ စစ်ဘေးရှောင် (၅)နှစ်ပြည့် ဆုတောင်းပွဲများအား ဇွန်လ(၉) ရက်နေ့ တွင် ကချင်ပြည်နယ် နေရာအနှံအပြားတွင် ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။