၁၉၄၇ ပင်လုံအခြေခံမူများ ဆက်လက်စွဲကိုင်သွားမည်ဟု သဘောတူ
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇွန်လ ၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ပင်လုံဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှမ်း၊ ကချင် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ပင်လုံ၏ အခြေခံ အနှစ်သာရ မပျောက်ပျက်အောင် ဆောင်ရွက်သွားကြရန် သဘောတူ လက်မှတ်ထိုးခဲ့ကြသည်။
ဇွန်လ ၇ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် အစည်းအဝေးတွင် ၁၉၄၇ ပင်လုံဖြစ်စဉ်ကိစ္စ၊ ပင်လုံစာချူပ်ပါအကြောင်းအရာများကိစ္စ၊ ပင်လုံဂတိကဝတ်များနှင့် ပင်လုံစိတ်ဓါတ်ဆိုင်ရာကိစ္စ များကို အဓိကဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကျင်းပခဲ့သည့် ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒု ဗိုလ်မှူးကြီး စိုင်းမိဏ်း မှ သတင်းထောက်များအား ယခုလို ပြောသည်။
လာမည့် ဒီအစိုးရသစ်ကပေါ့နော် သူတို့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတာ ရှိတယ် ကျနော်တို့ မူလ ဒီ ပင်လုံစာချူပ်ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ ချင်း ကချင် ရှမ်း ဒီအဖွဲ့တွေအနေနဲ့ ကျနော်တို့ရဲ့ အရင်က ပထမ ပင်လုံရဲ့ သဘောထား ပင်လုံစိတ်ဓါတ် ပင်လုံ ဂတိကဝတ် ပင်လုံစာချူပ်တွေနဲ့ ပင်လုံရဲ့ အနှစ်သာရတွေကို ကျနော်တို့ သဘောထား တူညီမှု ရှိလား ဆိုတာကို ကျနော်တို့ သုံးသပ်ဖို့ အတွက်နဲ့ ကျနော်တို့ စတင်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
နှစ်ရက်ကြာ ကျင်းပခဲ့သည့် ထိုအစည်းအဝေးတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ ခေါင်းဆောင်သည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် ခေါင်းဆောင်သည့် အဖွဲ့ဝင်များနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့မှ ဗိုလ်ချူပ် စိုင်းထူး ခေါင်းဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖိတ်ကြားထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံအား အမြင်သဘောထားတွေ ဖလှယ်ခဲ့ကြသည့်အပြင် နိုင်ငံရေးမူဘောင် ပြန်လည်သုံးသပ်ရန် ဖိတ်ကြားထားမှု ကိစ္စများ အားလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
ဆွေးနွေးပွဲအပြီးတွင် ၂၁ ရာစုပင်လုံကို ထောက်ခံကြိုဆိုကြောင်းနဲ့ ၁၉၄၇ ပင်လုံ ကို ဆက်လက်စွဲကိုင်သွားကြမည်ဟု အစည်းအဝေးတက်ရောက်လာသည့် ခေါင်းဆောင် သုံးဦးမှ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု KIO အဖွဲ့မှ ဗိုလ်ချူပ် ဂွန်မော် မှ ပြောသည်။
အဓိကကတော့ ကျနော်တို့ သဘောတူညီမှု ဆိုတာထက် ကျနော်တို့ရဲ့ သဘောထားအမြင်တွေ စုစည်းတာဖြစ်ပါတယ် ဒီအခုကျင်းပမည့် ၂၁ ရာစု ပင်လုံ ကိုကျနော်တို့က ကြိုဆိုလက်ခံတဲ့ မှတ်တမ်းတွေရယ် နောက်ပြီးတော့ ဒီ ကျနော်တို့ မူလပင်လုံကို စပြီးလက်မှတ်ရေးထိုးခဲ့ကြတဲ့ ကျနော်တို့ ရှမ်း ကချင် ချင်း တိုင်းရင်းသားများက ဦးစွာ တာဝန်သိသိနဲ့ ကျနော်တို့ စပြီးမှ သုံးသပ်ချက်တွေလုပ်တယ် နောက်လာမည့်အစည်းအဝေးမှာ ကျနော်တို့ ဘယ်လိုတက်ကြမလဲ လူထုကို ကျနော်တို့ ဘယ်လို ချည်းကပ်မလဲ ဆိုတဲ့အပိုင်းတွေကို ကျနော်တို့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။ တူညီတဲ့ သဘောထားအမြင်ကတော့ဒီ ကျနော်တို့က ၂၁ ရာစု ပင်လုံ ညီလာခံ ကိုကြိုဆိုတယ် ပင်လုံရဲ့ ဒီ အခြေခံ အနှစ်သာရ မပျောက်ပျက်ပဲနဲ့ ကျနော်တို့က ညှိနှိုင်းဆောင်ရွက်သွားမယ် လူထုကိုလည်း ကျနော်တို့က လိုအပ်တဲ့ တိုင်ပင်မှုတွေလုပ်ပြီးမှ ပြင်ဆင်သွားမယ်ဆိုတဲ့ သဘောထားတွေ ကျနော်တို့ မှတ်တမ်းတင်ထားပါတယ်။
အစည်းအဝေးအပြီးတွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ က ပင်လုံစာချုပ်၏ မူလပိုင်ရှင်ဖြစ်သည့် ရှမ်း၊ကချင်၊ ချင်း မျက်နှာချင်းဆိုင်၍ ပင်လုံညီလာခံ၏ ဇာစ်မြစ်အား သုံးသပ်ခွင့် ရသည့်အတွက် ကျေနပ်မှုရရှိပြီး ပင်လုံကတိကဝတ်၊ ပင်လုံ စာချုပ်သည် အင်မတန်နက်နဲမှုရှိခဲ့ကြောင်းနှင့် ပင်လုံစာချုပ်မရှိခဲ့လျှင် ပြည်ထောင်စု မြန်မာနိုင်ငံ လည်း ရှိလာမှာ မဟုတ်ကြောင်း ၊ တခြားတိုင်းရင်းသားများနှင့် ဆက်လက်ဆွေးနွေးသွားရမည်ဟုလည်း ပြောဆိုသွားခဲ့သည်။
အခု ကျနော်တို့ လက်မှတ်လည်း ထိုးနိုင်ခဲ့ပါပီ။ ရှေ့ဆက်ပီး လုပ်သွားမယ့် လုပ်ငန်းစဉ်မှာ အင်မတန်မှ အရေးကြီးတဲ့ကဏ္ဍကို ရှမ်းနဲ့ ကချင်၊ ချင်း ကျနော်တို့ မူလပိုင်ရှင်များ ဖြစ်တဲ့အတိုင်း ကျနော်တို့က ပိုပြီးတော့ တာဝန်ယူမှုရှိရှိနဲ့ ဦးဆောင်သွားရမှာ ဖြစ်ပါတယ်။ လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ဒီနေ့ကျနော်တို့ သဘောတူတဲ့အတိုင်း အခြား အခြားသော တိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံပြီး ဆွေးနွေးပြီး အစိုးရက ဖိတ်ခေါ်တဲ့ ညီလာခံမှာ တသွေးတသံနဲ့တင်ပြသွားနိုင်အောင် ကျနော်တို့ဆက်လက်ပြီး ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
အစည်းအဝေးအား ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ကို တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် မတက်ရောက်နိုင်ခဲ့သည့်အတွက် အစည်းအဝေး၏ သဘောတူညီမှုများကို လက်ခံသွားမည်ဟု အကြောင်းပြန်ကြားခဲ့ကြောင်း သိရသည်။
ယခု အစည်းအဝေးသည် ဇွန်လ ၁ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒု ဗိုလ်ချူပ်ကြီး ယွက်စစ် နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ တို့ သီးခြားတွေ့ဆုံခဲ့ပြီးနောက် ယခု ပင်လုံဆိုင်ရာညှိနှိုင်း အစည်းအဝေးအား စတင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။