မူဆယ်မြို့တွင် ကျပ်သိန်း ၄၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးများဖမ်းမိ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇွန်လ ၂၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ တွင် တန်ဖိုးသိန်း (၄၀၀) ကျော်ခန့် တန်ဖိုးရှိသော မူးယစ် ဆေးဝါးများကို ဇွန်လ ၂၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း မူဆယ်မြို့မ ရဲစခန်းမှူး ဒု-ရဲမှူး အေးမြင့်မှ သတင်းနှင့် မီဒီ ယာကွန်ယက်သို့ အတည်ပြုပြောဆိုသည်။

“သိန်း လေးရာ နှစ်ဆယ့်ကိုးသိန်း တစ်သောင်း ရှစ်ထောင် (၄၂၉၁၈၀၀၀) ခန့်လို့ ခန့်မှန်းရ တယ်ခင်ဗျား။ စိတ်ကြွ ရှုးသွပ်ဆေးပြားလို့ ယူဆရတဲ့ 88 နဲ့ နောက်ပြီးတော့ 1 စာတန်း တဖက်စီ ပါတဲ့ နီညိုရောင် ဆေးပြား၊ တစ်ထုတ်မှာ ( ၁၉၅) ပြားစီပါ တဲ့(၁၀) ထုပ်စည်း (၁၁)စည်း၊ စုစုပေါင်း (၁၁၀) ထုပ်၊ ဆေးပြားပေါင်း ( ၂၁၄၅၀) ပြား တွေ့ရှိ ရတယ်။”

ဇွန်လ၂၇ ရက်နေ့ နံနက်တွင် ဟိုမွန်ရပ်ကွက်၊ နယ်မြေ (၁၄)၊ တွင်ရှိသည့် မနန်းဆိုင်ဟွမ်၏ အဌားနေအိမ်အား မူဆယ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ် စိုင်းရှုအောင် ဦးဆောင်သောအဖွဲ့မှ သတင်းအရ ရှာဖွေရာ ကာလတန်ဖိုး သိန်း (၄၀၀) ကျော်ခန့်ရှိ စိတ်ကြွရူးသွပ်မူးယစ် ဆေးပြားများ ကို ဖမ်းဆီးရမိကြောင်းသိရသည်။

ဖမ်းဆီးရမိသော စိတ်ကြွမူးယစ် ဆေးဝါးများမှာ မနန်းဆိုင်ဟွမ်၏ နေအိမ်အခန်းနံရံမှ ကျောပိုးအိတ်အတွင်း သိမ်းဆည်းရမိခြင်းဖြစ်ပြီး 88 နှင့် 1 စာတန်း တဖက်စီပါ နီညိုရောင် ဆေးပြားပေါင်း (၂၁၄၅၀) ပြား ဖမ်းဆီးရမိသည်ဟုသိရသည်။

ဆေးပြားများကို မူဆယ်မြို့ တောင်ရပ်ကွက်၊ လပ်ကီးဟိုတယ်တွင် တည်းခိုနေသော စိုင်းဆာ အောင်၊ သက်ပိုင်ဦး၊ အောင်ဘတို့ သုံးဦးသည် တန့်ယန်းမြို့ မှ သယ်ဆောင်လာပြီး ၎င်းဆေးပြား များအား ပြန်လည်ရောင်းချပေးရန် မနန်းဆိုင်ဟွမ်ထံသို့ အပ်နှံထားကြောင်း သိရသည်။

အဆိုပါအမှု နှင့်ပတ်သက်ပြီး မူးယစ်ဆေးဝါးများအား ပြန်လည်ရောင်းချရန် လက်ဝယ်ထားရှိသူ မနန်းဆိုင်ဟွမ်နှင့် မူးယစ်ဆေးဝါးများအား ရောင်းချရန် သယ်ဆောင်လာကြသော စိုင်းဆာအောင်၊ သက်ပိုင်ဦး၊ အောင်ဘ တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဥပဒေ ပုဒ်မ ၁၅/၁၉က/၂၁ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်းသိရသည်။