စစ်အင်အားတိုးချဲ့မှုကြောင့် တိုက်ပွဲပြင်းထန်လာနိုင်

သတင်းနှင့်မီဒီယာကွန်ယက်။
ဇွန်လ ၂၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြန်မာအစိုးရတပ်မတော်မှ တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ရာနယ်မြေ အတွင်းသို့ တပ်အင်အားများတိုးချဲ့ ဖြည့်တင်းလာသည့်အခြေအနေကြောင့် တိုက်ပွဲများ ပိုမို ပြင်းထန်လာ နိုင်သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကပြောသည်။

“ဒီ စကခ လက်အောက်ခံက အခု တိုက်ပွဲဖြစ်တဲ့ဒေသကို ထပ်မံပြီးတော့မှ အင်အား တွေဖြည့် လာတယ်။ စစ်ကူတွေဖြည့်လာတယ် ကျနော်တို့ သိရသလောက်ကတော့ နောက်ထပ် အောက် ဖက်မှာလည်း စစ်အင်အားတွေ ထပ်မံပြီးဖြည့်မယ်လို့တော့ သိရတယ်။ လမ်းမှာရောက်နေပြီလို့ သိရတယ် ဆိုလိုတာက အဲဒီဒေသမှာ တိုက်ပွဲပိုပြင်းထန်လာနိုင်တဲ့ အနေအထားတော့ရှိ သေး တယ်”

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကွတ်ခိုင်မြိုနယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နမ့်စန်မြို့နယ်များသို့ မြန်မာ့တပ်မတော်မှ စစ်တပ်အင်အား ၅၀၀ ဝန်းကျင်ခန့် ထပ်မံတိုးချဲ့ ထားသည်ဟုသိရသည်။

တပ်မတခုကို တပ်အင်အား ၁၀၀၀ ကျော်ခန့်ရှိသည်ဟု ခန့်မှန်းရပြီး လက်ရှိ အချိန်တွင် စစ်တပ် အင်အား ၃၀၀၀ ကျော်ခန့်ရှိသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

ဇွန်လ ၂၇ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်နှင့် မိုင်းလုံမြို့နယ်အတွင်းရှိ နယ်မြေများတွင် တ အာင်း ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာ့တပ်မတော်တို့ အကြား တိုက်ပွဲ များဖြစ်ပွားခဲ့ သည်။ တိုက်ပွဲအခြေအနေ နှင့်ပတ်သက်၍ ဗိုလ်မှူး မိုင်းအိုက်ကျော်က အခုလို ဆက်ပြောသည်။

“မနေ့က ဆိုရင်တော့ မနေ့က ၁၁ နာရီလောက်ကနေ ညမိုးချုပ်တဲ့အထိ ကျောက်မဲနယ်ထဲမှာ ပေါ့နော ပါလှိုင်ရွာနဲ့ ညောင်မောင်းရွာ ကြားမှာဖြစ်တယ်။ ညလည်း စစ်ကူတွေပြန်လာတယ် ကျနော်တို့ အဖွဲ့နဲ့ ပြန်တိုးတဲ့အချိန်ကျတော့ ပါဆိုင်ရွာမှာပြန်ဖြစ်တယ် အဲဒီမှာ ကျောက်မဲမြို့ နယ်မှာပေါ့နော အဲမှာလည်း ၂ နာရီလောက်ကြာတယ်။ တဖက်ကလည်း ဟိုဖက် မိုင်းလုံမြို့နယ် ထဲမှာ ကျနော်တို့အဖွဲ့ ရှိတဲ့နေရာကို လာပြီးတော့မှ လက်နက်ကြီးတွေနဲ့ ပစ်တယ် ကျနော်တို့ ဖက် တဖက်နဲ့တဖက် လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်တယ် ကျနော်တို့က မနေ့ညကကို တိုက်ပွဲ က ၃ ကြိမ်ဖြစ်သွားတာပေါ့နော်”

 မြန်မာ့တပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တို့သည် ယခုနှစ် အတွင်း တိုက်ပွဲ ပိုမိုပြင်းထန်လာခဲ့ပြီး ၁ လ အတွင်းမှာပင် တိုက်ပွဲပေါင်း အကြိမ်ရေ ၂၀ကျော် ၃၀ ခန့်ရှိသည် ဟုသိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နယ်မြေထဲသို့ မြန်မာ့တပ်မတော်မှ တပ်မများ အပြင် စကခ၊ ရမခ ကဲ့သို့ တပ်များကိုလည်း တိုးချဲ့ အင်အားဖြည့် ထားသည် ဟုသိရ သည်

 “မတ်လ လောက်ရောက် တဲ့အချိန်ကျတော့ မြန်မာ့တပ်မတော်က ထိုးစစ်က တော်တော်လေး များတယ်ပြောရမယ် ဆိုရင်တော့ တပ်မ ၁၁ ရယ်၊ တပ်မ ၃၃ ရယ်၊ တပ်မ ၆၆၊ ၇၇၊ ၈၈၊ ၉၉ အကုန်လုံး ကျနော်တို့ဆီမှာ ရောက်လာတယ်။ ဒီကြားထဲမှာလည်း စကခ ၁ ရယ် စကခ ၁၆ ရမခ အထိုင် တပ် တွေပေါ့နော သူတို့ရဲ့ အခြေစိုက်တပ်တွေလည်းရှိတယ်။” ဟု ဗိုလ်မှူး မိုင်း အိုက်ကျော်မှဆိုသည်။

 မြန်မာ့တပ်မတော် နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည် မေလအတွင်း မှစတင်ကာ တိုက်ပွဲအရှိန် ပြန်လည်ပြင်းထန်လာခဲ့ပြီး ယနေ့အချိန်ထိဆက်လက် ဖြစ်ပွားနေသည် ဟုသတင်းရရှိသည်။