စစ်ဘေးရှောင်ကျောင်းသူ/ကျောင်းသားများ ထောက်ပံ့မှုလိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၅ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ (KBC) စစ်ဘေးရှောင်စခန်းမှ ကျောင်းသူ/ကျောင်းသားများ ပညာသင်ကြားနိုင်ရန်အတွက် ပညာရေးကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု သိရသည်။
မူဆယ်မြို့(KBC) စစ်ဘေးရှောင်စခန်းတွင် စုစုပေါင်း ကျောင်းသူ/ကျောင်သား ဦးရေ ၁၂၄ ဦးရှိပြီး အထူးသဖြင့် အလယ်တန်း နှင့် အထက်တန်းကျောင်းသူ/ကျောင်းသားများအတွက် ပညာသင် စရိတ် လိုအပ်နေခြင်းဖြစ်သည်ဟု စခန်းတာဝန်ဝန်ရှိသူများက ပြောသည်။
ကျောင်းသူ/ကျောင်းသားများ၏ ပညာရေး အခက်အခဲနှင့် ပတ်သက်ပြီး မူဆယ် (KBC) စစ်ဘေး ရှောင်စခန်းမှ စခန်းတာဝန်ခံ ဦးဖော်ရိုးနော်ဒင့်က “အစိုးရကျောင်းမှာတော့ ကျောင်းတက်ကြတယ်။ ရိုးရိုး ဒီမှာကျောင်းတက်ပြီးမှ အောင်ဖို့ မလွယ်ဘူး။ ဆယ်တန်း အဆောင်နေတယ်။ အပြင် ကျူရှင် တက်ရမယ်။ အဆောင်မနေလို့ မဖြစ်ဘူး။ အဲဒါ အဆောင် သွားနေတယ် အဆောင်နေလို့ တစ် ယောက်ကို ၁၅ သိန်း အထက်ပေါ့ အဲလိုဖြစ်နေတယ်။ အဲ့ဒါတွေကို ဘယ်မလိုမှ မတတ်နိုင်ဘူး။ ၈ တန်း ၉ တန်း တွေလည်း ကျူရှင်ယူရတယ်။ ၁လကို ကျပ် ၃ သောင်း။ မိဘတွေက ဘယ်လို မှ မတတ်နိုင်ဘူး။ ဒီနှစ်ဆိုရင် ဆယ်တန်း ပညာသင်စရိတ် မထောက်ပံ့ပေးနိုင်လို့ ကျောင်းထွက် လိုက်တာ ၄ ယောက် လောက်ရှိတယ်” ဟု ပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းတွင်း အလယ်တန်းနှင့် အထက်တန်းကျောင်းသား ၅၀ နီးပါး ရှိသည်ဟု သိရသည်။
ယခင် ပညာသင်နှစ်များတွင် အလယ်တန်းနှင့် အထက်တန်း ကျောင်းသူ/ကျောင်းသားများ၏ ပညာသင်စရိတ်ကို အလှူရှင်များက ကူညီပံ့ပိုးမှုများရှိခဲ့ပြီး ယခုနှစ် ပညာသင်နှစ်တွင်မှု ကူညီပံ့ပိုး မည့်သူ မရှိသည့်အတွက် ကျောင်းသူ/ ကျောင်းသားများအနေဖြင့် ယခုလိုမျိုး အခက်အခဲများနှင့် ကြုံတွေ့နေရပြီး ကျောင်းဆက်တက်ချင်သော်လည်း ကျောင်းထွက်လိုက်ရသည့် ကျောင်းသူ/ ကျောင်းသားများလည်း ရှိသည်ဟု စခန်းတာဝန်ခံ ဦးဖော်ရိုးနော်ဒင့်က ဆက်ပြောသည်။
မူဆယ် (KBC) စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း(၅၁)စုရှိပြီး လူဦးရေ ၂၀၃ ဦး၏ စားဝတ် နေရေးအတွက် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် မေတ္တာဖောင်ဒေးရှင်းမှ ကူညီ ထောက်ပံ့ ပေးထားသည်။
စားဝတ်နေရေး ပြေလည်သော်လည်း ကလေးများ၏ ကျောင်းစာရိတ်အတွက် လိုအပ်သော ငွေ ကြေးများအတွက် နေ့စားအဖြစ် စပါးစိုက်၊ ပြောင်းစိုက်၊ ကြံခုတ်စသည့် အလုပ်များကို လုပ်ကိုင်ရ သည်ဟု စစ်ဘေးရှောင် ဦးဇခုန်ဇယ်ခေါင် ကပြောသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တို့ ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ၂၀၁၄ ခုနှစ် မေလ ၃ ရက်နေ့တွင် ဤ စစ်ဘေးရှောင်စခန်း စတင်ဖြစ်ပေါ်လာခဲ့ပြီး စစ်ဘေး ရှောင်အများစုသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မုန်းပေါ်ကျေးရွာမှ ကချင်တိုင်းရင်းသား များ ဖြစ်သည်။