ရိက္ခာထက်ဝက်လျှော့မည့်အစီအစဉ်ကြောင့် စစ်ဘေးဒုက္ခသည်များစိုးရိမ်နေကြ
သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၇ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ပန်လုံ စစ်ဘေးဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဇူလိုင်လမှ စတင်ကာ ရိက္ခာများ ထက်ဝက်လျှော့ချရန် ပြောကြားလာသည့်အတွက် ဒုက္ခသည်များ အနေဖြင့် ပိုမို ခက်ခဲလာမည်ကို စိုးရိမ်နေကြသည်။
ဒုက္ခသည်များအား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ လူတယောက်ကို တစ်လလျှင် ဆန် ၅ ပြည် နို့ဆီဗူး ၄ဗူး အပြင် ဆီ၊ ဆား၊ ပဲ၊ အာဟာရ တို့အတွက် ကျပ်ငွေ ၆၀၀၀ ကျပ် ထောက်ပံ့ပေး သည်ဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူများက ပန်လုံ စစ်ရှောင်ဒုက္ခသည်စခန်းရှိ စခန်းတာဝန်ရှိသူများနှင့် ဒုက္ခသည်များအား လာရောက်ပြောဆိုခဲ့ပြီး အသက် ၁၈ နှစ်မှ ၅၀ နှစ်အတွင်းရှိ မည်သူမဆို လက်ရှိပေးနေသည့် ရိက္ခာထောက်ပံမှုကနေ ထက်ဝက်သာပေး တော့မည်ဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုသာ နဂိုမူလအတိုင်း ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“သူတို့လျှော့မယ်ဆိုရင် ငွေ အဲဒီ အာဟာရတို့ ပဲတို့ ဆီအစား ၆၀၀၀ ထုတ်တဲ့ကြားထဲ အဲဒီ ၆၀၀၀ လည်းလျှော့မယ် ပြီးရင် ဆန်လည်းလျှော့မယ်။ ကျနော်တို့ ၁၈ နှစ်နဲ့ ၅၀ ကြားအရွယ် တွေကို ကျတော့ တဝက်လျှော့မယ်လို့ပြောတယ်။ ဒါပေမဲ့ နို့စို့ကလေး၊ ကိုယ်ဝန်ဆောင်တို့၊ ကျောင်းသားတို့ ဒီသက်ကြီးရွယ်အိုတို့ သူတို့အတွက်ကျတော့ အပြည့်ပုံမှန် ပေးမယ်လို့ပြော တယ်။”ဟု စစ်ဘေးဒုက္ခသည် ဦးမဒိန်ချန်းလုတ် ကပြောသည်
ရိက္ခာလျှော့ချလိုက်မည်ဆိုပါက မိမိတို့အနေဖြင့် ပိုမိုခက်ခဲလာနိုင်သည်ဟု ဦးမဒိန်ချန်းလုတ်က ယခုလိုဆက်ပြောသည်
“တကယ်လို့လျော့လိုက်ပြီဆိုရင် ကျွန်တော်တို့အခု လောလောဆယ် အခုအပြည့်ပေးနေတာ တောင်မှ ဒီလိုအခက်အခဲရှိနေတာ တကယ်လျော့လိုက်မယ် ဆိုရင်တော့ စားသောက်ရေး၊ နေထိုင်ရေး၊ ကလေးတွေ ကျန်းမာရေး နေရာတကာ အခက်အခဲ ပိုပြီးတော့ ရှိလာမယ်လို့ တော့ ထင်တယ်။ကျနော်တို့ မိဘတွေအတွက်ကျတော့ ကျောင်းသားတွေကို ထောက်ပံ့တဲ့နေရာမှာ တအားအခက်အခဲကြုံရတာပေါ့။ ကျနော်တို့ အခု လောလောဆယ်မှာ ပိုက်ဆံရှာဖို့ နေ့စားသွား လုပ်တယ် ဘာညာဆိုတာလည်း လူတိုင်းလည်း နေ့တိုင်းသွားမလုပ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆို သူများက လိုတဲ့အချိန်မှာ ခေါ်တဲ့အချိန်ကျမှ သွားဖြစ်တယ်။ ၄၀၀၀၊ ၅၀၀၀ တရက်ကို အဲ လောက်ပဲရတယ်။ ဒါတောင် မနက်စောစောကနေ ညနေ ၅ နာရီ လောက်အထိ သွားရတယ်။
သွားဖြစ်တယ်ဆိုတော့ လူတိုင်းလည်း ပြန်မသွားနိုင် တယောက်တလေပဲသွားဖြစ် အဲဒါလည်း ပုံမှန်ပြန်မဖြစ်တော့ တကယ့်လို့ ဒီရိက္ခာကို လျှော့လိုက်ပြီဆိုရင် ကျနော်တို့အတွက် မိဘတွေ ဒီ ဒုက္ခသည်မှာရှိထားတဲ့ လူတွေအတွက် အားလုံးအတွက် ဒုက္ခအများကြီး ရောက်တယ်လို့ ပြောချင် ပါတယ်။”ဟုပြောသည်။
ပန်လုံ စစ်ရှောင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၂၅ စုရှိပြီး လူဦးရေး ၅၇၈ ဦး၏ စား ဝတ် နေ ရေးကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၊ မေတ္တာဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) တို့မှ အဓိက ကူညီထောက်ပံ့ပေးထားသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) မှ တာဝန်ရှိသူများက ရိက္ခာလျှော့ချရသည့် အကြောင်း အ ရင်းနှင့်ပတ်သက်ပြီး လာရောက်ရှင်းပြခဲ့ပြီး အဘယ်ကြောင့် လျှော့ချရသည့်အကြောင်းကို ပန်လုံ စစ်ဘေး ဒုက္ခသည်စခန်း လက်ထောက်တာဝန်ခံ ဆရာဦးဒုန်လာကွမ်ဖန်က ယခုလိုပြောသည်။
“ဘာကြောင့်လျှော့လည်းဆိုတော့ အခုကမ္ဘာတဝှမ်းမှာလည်း ဒုက္ခသည်တွေ အရမ်းများလာတယ် ပိုပြီးမှ Emergency ဖြစ်တဲ့သူတွေကို ဦးစားပေးတဲ့ အနေနဲ့ ကျနော်တို့ ၂နှစ် ၃နှစ်ကြာတဲ့ဟာ တွေကို သူတို့ လျှော့လိုက်ခြင်းဖြစ်တယ်။ အဲဒါနောက်တချက် ပြီးရင် ကျနော်တို့ ဒုက္ခသည်မှာ နေနေတဲ့ ကျနော်တို့ ဒုက္ခသည်တွေ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ခြေကိုယ်ရပ်နိုင်ဖို့ရန် အတွက် အဲလိုမျိုး ပျိုးထောင်တဲ့ အနေနဲ့လည်း လျှော့ချလိုက်ခြင်းဖြစ်တဲ့ဟာကို သူတို့ တစ်မနက်မှာ ကျ နော်တို့ကို လာရှင်းပြ ကြတယ်။ အဲလိုပြောပြကြတယ်။”ဟုပြောသည်။
စစ်ဘေးဒုက္ခသည် အများစုသည် ကချင်တိုင်းရင်းသားများဖြစ်ပြီး ကတော့ကောင်၊ ယန်ဝူး၊ မော် ဆွေ၊ ဒိန်ဂါ၊ ကျမ်းကား၊ စသည့် ရွာ ၅ ရွာမှ စစ်ဘေးရှောင်များဖြစ်သည်။
မြန်မာ့တပ်မတော် နှင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲ ကြောင့် ပန်လုံ စစ်ဘေးရှောင် စခန်းသည် ၂၀၁၄ ဧပြီလတွင် စတင်ဖြစ်ပေါ်လာခဲ့သည်။