တိုင်းရင်းသားများ၏ ဖက်ဒရယ်မူရရှိရေး ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ဦးဆောင်၍ တိုင်းရင်းသား အားလုံး သဘောတူညီသည့် ဖက်ဒရယ်စနစ်နှင့် အခြေခံမူများ ရရှိရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၆ ရက်နေ့က ဖက်ဒရယ်ဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

တိုင်းရင်သားများကြားတွင် တိကျခိုင်မာပြီး ရှင်းလင်းတဲ့ သဘောထားအမြင်တွေ ရရှိထားစေဖို့ အတွက် မြန်မာ့ဖက်ရယ်ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွက် သဘောတရား၊ လေ့လာချက်များနှင့် သက်ရောက်မှုများ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ညီညွတ်သော တိုင်းရင်သား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာ မှ သတင်းထောက်များအား ပြောသည်။

ကျနော်တို့ တိုင်းရင်းသားတွေအားလုံးကတော့ ဖက်ဒရယ်စနစ်ကို လိုချင်နေကြတယ် ဒါပေမယ့် တိကျခိုင်မာတဲ့ ပုံစံဆိုတဲ့ဟာကတော့ ချမှတ်ထားတာ မရှိသေးဘူးဗျ၊ ဟိုးအရင်တုန်းကတော့ တခါ လုပ်ထားဖူးတယ် ကျနော်တို့ ဖက်ဒရယ် ဖွဲ့စည်းပုံ မူကြမ်းတော့ ရေးထားတယ် ဒါပေမယ့် အဆက်ပြတ်သွားတာ တော်တော်လေး ကြာသွားပြီ အခုကတော့ ပြောရမယ်ဆိုရင် ဝိုင်းထဲမှာ စကားပြောဖို့ကလည်း အချိန်နီးကပ်လာပြီလေ၊ ၂၁ ရာစု ပင်လုံလည်း ခေါ်တော့မယ်ဆိုတော့ ကျနော်တို့ တိုင်းရင်းသားတွေကြားထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ တဖက်က တူညီတဲ့ အမြင်တွေကို ရထားဖို့တော့ လိုတယ်၊ ဒါကြောင့် ဒါကိုကျနော်တို့ အခုချိန်မှာကတော့ ပိုပြီးတော့ ပြည့်စုံတိကျတဲ့ တဖက်က အားလုံးလည်း လက်ခံနိုင်တဲ့ မူ ၊ သဘောထား နော် ဒါတွေရထားဖို့တော့ လိုနေပြီဗျ။

ထိုဆွေးနွေးပွဲကို ဇူလိုင်လ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ဆွေးနွေးကျင်းပသွားပြီး ဖက်ဒရယ်စနစ် အယူအဆ၊ ဗဟိုချူပ်ကိုင်မှု လျှော့ချရေးကိစ္စ၊ တာဝန်နှင့်လုပ်ပိုင်ခွင့် ဆိုင်ရာကိစ္စ၊ အတူတကွ အုပ်ချူပ်ရေး၊ ခွဲခြားအုပ်ချူပ်ရေးနှင့် အောက်ခြေအဆင့်မှ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးကိစ္စ များကိုလည်း ဆွေးနွေးသွားကြမည်ဟု သိရသည်။

တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်နိုင်ငံသည် ပထဝီအနေအထားပေါ် အခြေခံသည့် နယ်မြေခွဲခြားသည့်ပုံစံမဟုတ်ပဲ လူမျိုးစုအပေါ်အခြေခံပြီး နယ်မြေခွဲခြားသည့် ဖက်ဒရယ်စနစ်မျိုး ကို လိုလားပြီး တိုင်းရင်းသားများအားလုံး စုစုစည်းစည်းနှင့် ရည်ရှည်ရပ်တည်နိုင်မည့် ဖက်ဒရယ်စနစ်မျိုးဖြစ်သည့်အတွက် တိုင်းရင်းသားများအတွက် အရေးကြီးကြောင်း နိုင်ဟံသာ မှ ဆက်ပြောသည်။

ဖက်ဒရယ်ဆိုတာ တိုင်းရင်းသားတွေအားလုံး မရှိမဖြစ်လိုလားနေတဲ့ အချက်အလက်တွေပဲ နော်။ဖက်ဒရယ်စနစ်ကို မတည်ဆောက်နိုင်ရင် ကျနော်တို့ ဒီလို တစ်ပြည်ထောင်စနစ်ပုံစံမျိုးနဲ့ သွားနေမယ် ဆိုရင် တဖက်က တိုင်းရင်းသားတွေက တဖြည်းဖြည်းချင်းနဲ့ဝါးမြိုခံနေရတယ်လေ ဒါက တစ်ချက်၊ တဖက်က တပြည်လုံးအတိုင်းအတာနဲ့ပြန်ကြည့်ရင် တိုင်းရင်းသား တမျိုးနဲ့တစ်မျိုး ကြားမှာပေါ့ဗျား သဘောကတော့ အစိုးရနဲ့တိုင်းရင်းသားတွေကြားမှာ လက်နက်ကိုင် ပဋ္ဋိပက္ခ ကို ဘယ်လိုမှဖြေရှင်းနိုင်မှာမဟုတ်ဘူး အဲ့လိုမဖြေရှင်းနိုင်ရင် ကျနော်တို့နိုင်ငံမအေးချမ်းဘူးဆိုရင် ကျနော်တို့နိုင်ငံ ငြိမ်းချမ်းဖို့ တိုးတက်ဖို့ဆိုတဲ့ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ ဒါကြောင့် ကျနော်တို့ နိုင်ငံရဲ့ ပြသနာကို ဖြေရှင်းဖို့ဆိုတဲ့နေရာမှာ ဒါ အဓိကကြဆုံး ပြသနာကတော့ တိုင်းရင်းသားတွေ အားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်စနစ်ကို ဘယ်လို ဖော်ထုတ်မလဲ ဒါ အရေးကြီးဆုံး ပြသနာ ဒါကြောင့် ဒါကတော့ ကျနော်တို့ ဒီအချိန်မှာ ဒါက ကျနော်တို့အတွက် အရေးအကြီးဆုံး အနေအထားမျိုး ဖြစ်နေတယ်လို့ကျနော်မြင်တယ်။

 သုံးရက်ကြာဆွေးနွေးပွဲမှ ရရှိလာရရှိလာသည့် ဖက်ဒရယ်စနစ်နဲ့အခြေခံမူများကို တိုင်းရင်း သားများ လိုလားသည့် မူတစ်ရပ်အဖြစ် စွဲကိုင်သွားပြီး လာမည့် ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အလျင်သင့်သလို တင်ပြဆွေးနွေးသွားမည်ဖြစ်သည်ဟု နိုင်ဟံသာမှ ပြောဆိုသည်။

ထိုအစည်းအဝေးကို နိုင်ငံတကာ တတ်သိပညာရှင်များက နိုင်ငံတကာတွင်ရှိသည့် ဖက်ဒရယ်နိုင်ငံများ၏ အခြေအနေများကို မြန်မာနိုင်ငံနှင့် နှိုင်ယှဉ်ဆွေးနွေးပေးပြီး NCA လက်မှတ်မရေးထိုးရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်များအပါအဝင် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့က ခေါင်းဆောင်တချို့လည်း တက်ရောက်နေသည်။