တိုင်းရင်းသားများ မျက်နှာစုံညီအစည်းအဝေးကျင်းပမည့်ရက်သတ်မှတ်

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင်ကျင်းပမည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ မျက်နှာစုံညီအစည်းအဝေးအား ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပသွား မည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုအားလုံးပါဝင်သည့် မျက်နှာစုံညီအစည်း အဝေး အကြိုပြင်ဆင်ရေးလုပ်ငန်းကော်မတီအဖွဲ့၊ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် NCA အပစ်ရပ်လက်မှတ်ရေးထိုးထားကြသည့် ညှိနှိုင်းဆွေးနွေးရေး ကော်မတီအဖွဲ့ CT မှ တိုင်းရင်းသား ခေါင်းဆောင်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ကျနော်တို့ ဆုံးဖြတ်ချက်တွေကတော့ ၁၃ ချက်လောက်တော့ ရှိပါတယ် သို့သော် အဓိကကျတဲ့ ဆုံးဖြတ်ချက်ပဲ ကျနော် နည်းနည်းလေး အသိပေးချင်ပါတယ်။ အဲ့ဒါကတော့ မျက်နှာစုံညီအစည်း အဝေးကို ကျနော်တို့ နောက်ဆုံးပတ် ထဲမှာပဲ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ မိုင်ဂျာယန်မှာ ကျနော်တို့ ကျင်းပပြုလုပ်ဖို့ ယာထားပါတယ် အစည်းအဝေးကြီး ဖြစ်မြောက်ရေးအတွက် ကော်မ တီ ၂ ရပ်ကို ကျနော်တို့ ဖွဲ့စည်းပါတယ် ပြင်ဆင်ရေး ကော်မတီ တစ်ခုကို ကျနော်တို့ အဖွဲ့ဝင် ၈ ဦးနဲ့ ကျနော်တို့ ဖွဲ့စည်းထားပါတယ် နောက်ကော်မတီ တစ်ခုကတော့ အစည်းအဝေး ကျင်းပ ရေး ကော်မတီ ဆိုပြီးတော့ ၁၀ ဦးနဲ့ ဖွဲ့စည်းထားပါတယ် အဲ့ကော်မတီ နှစ်ရပ်နဲ့ ကျနော်တို့ ကျင်းပပြုလုပ်ဖို့ ဆုံးဖြတ်ပါတယ်။ ဟု အစည်းအဝေးအပြီးတွင် သတင်းထောက်များအား ခူးဦးရယ် မှ ပြောဆိုသည်။

မျက်နှာစုံညီအစည်းအဝေးဖြစ်မြောက်ရန်အတွက် ပြင်ဆင်ရေးအဖွဲ့ကို ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ KIO မှ အထွေထွေအတွင်းရေးမှူး ဦးလနန် ဦးဆောင်သည့်အဖွဲ့ဝင် ၈ ဦးက ဦးဆောင်သွားပြီး ညီလာခံ ကျင်းပရေး ကော်မတီအဖွဲ့ကို ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဌ ခူးဦးရယ် မှ ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။

တဆက်တည်းမှာပင် ကျင်းပရေးကော်မတီ၏ ဒုဥက္ကဌ ၁ ကို KNU မှ ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဌ ၂ ကို KIO မှ ဗိုလ်ချူပ် ဂွန်မော်၊ အတွင်းရေးမှူး ကို RCSS မှ ဗိုလ်မှူးကြီး စိုင်းလ ၊ တွဲဘက်အတွင်းရေးမှူး ကို NMSP မှ ဒေါက်တာ နိုင်ရွှေသိန်း တို့ပါဝင်သည့် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

မိုင်ဂျာယန်တွင်ကျင်းပမည့် တိုင်းရင်းသားများ၏ မျက်နှာစုံညီအစည်းအဝေး ကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ အစည်းအဝေးတက်ရောက်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင် များက ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း မှ သတင်းထောက်များအား ပြောသည်။

ဒီမိုင်ဂျာယန်မှာ လုပ်မည့် ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းရဲ့ မျက်နှာစုံညီ အစည်းအဝေးရဲ့ ရည်ရွယ်ချက်က ၂ ချက်ရှိပါတယ် တစ်တချက်ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစု ပင်လုံ ဒီ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့ အစည်းအဝေးဖြစ်တယ် ဒုတိယ အချက်ကတော့ ကျနော်တို့ ဒီ ကျနော်တို့ တိုင်းရင်းသားတွေ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခြေခံ ဘုံသဘောထား ရပ်တည်ချက် ကိုရရှိဖို့အတွက် ဖြစ်ပါတယ်။ အဓိကက နှစ်ချက်ပါပဲ။

မိုင်းဂျာယန်တွင်ကျင်းပမည့် မျက်နှာစုံညီအစည်းအဝေးကို ZRO ဇိုမီး အဖွဲ့မှ တက်ရောက်လို ကြောင်းတောင်းဆိုလာသည်ကို ဇူလိုင်လ ၈ ရက်နေ့က ကျင်းပခဲ့သည့် မျက်နှာစုံညီအစည်းအဝေး ဖြစ်မြောက်ရေး ဒုတိယအကြိမ် အကြိုပြင်ဆင်ရေးကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်ဟု ခူးဦးရယ် မှ ပြောသည်။

ZRO ဆိုတဲ့အဖွဲ့အစည်းကတော့ ကျနော်တို့ UNFC ဥက္ကဌ ကို လိပ်မူပြီးတော့ မိုင်ဂျာယန် မှာပြုလုပ်မည့် အစည်းအဝေးကို တက်ရောက်ဖို့ မေတ္တာရပ်ခံစာကိုတော့ ပေးပို့ထားတာကို ကျနော်တို့ UNFC ကတဆင့် ကျနော်တို့ ရရှိပါတယ်၊ အဲ့တော့ ကျနော်တို့ ဒီနေ့ ZRO အဖွဲ့အစည်း အနေအထားကို ကျနော်တို့သုံးသပ်မှုတွေ လုပ်ပါတယ်၊ ကျနော်တို့ သုံးသပ်လို့ တွေ့ရှိရတာကတော့ ကျနော်တို့ ဒီ ၂၀၁၃ မှာ လောခီးလာမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား အားလုံးရဲ့ ညီလာခံမှာ ချမှတ်ထားတဲ့ မူ နဲ့ ကျနော်တို့ ပြန်ချိန်ထိုးကြည့်တဲ့အခါမှာ လျော်ညီမှု မရှိဘူးပေါ့လေ နော် အဲ့ဒါကြောင့်မိုလို့ ကျနော်တို့အနေနဲ့ မိုင်ဂျာယန် မှာ ပြုလုပ်မည့် စုံညီအစည်းအဝေးမှာတော့ ဖိတ်ကြားဖို့အတွက် အခက်အခဲရှိတယ်လို့ ကျနော်တို့ အဲ့လိုတွေ့ရှိ ရပါတယ် ဒါကြောင့်မိုလို့ ကျနော်တို့အနေနဲ့ အဲ့ဒီလို အခက်အခဲတွေ ရှိတဲ့အကြောင်း ပြန်ကြားဖို့ပဲ ကျနော်တို့ ဆုံးဖြတ်ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပမည့် မျက်နှာစုံညီအစည်းအဝေးအား တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ကို ကိုယ်စားလှယ် ၅ ဦးကြစီ တက်ရောက်ခွင့်ပေး မှာဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၂၁ ဖွဲ့ကို ဖိတ်ကြားသွားမှာဖြစ်သည်ဟု ခူးဦးရယ်မှ ဆက်ပြောသည်။

၎င်းအပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများအား သီးခြားစီဖိတ်ကြားရန် အခက်အခဲရှိသည့်အတွက် တိုင်းရင်းသားများစုစည်းဖွဲ့စည်းထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုုးများ မဟာမိတ်အဖွဲ့ UNA ၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF နှင့် အမျိုးသမီးများအဖွဲ့ချူပ် (မြန်မာနိုင်ငံ) WLB အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ရန် တရားဝင် ဖိတ်ကြားသွားမည်ဟု ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။