အရေးကြီးသည့် ရှေ့လုပ်ငန်းစဉ်များချမှတ်ရန် UNFC အရေးပေါ်အစည်းအဝေးကျင်းပ

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၁၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချူပ် NCA လက်မှတ်မရေးထိုးကြရသေး သည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ်အစည်းအဝေးတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပနေသည်။

ယနေ့စတင်ကျင်းပသည့်အစည်းအဝေးသည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ အရေးကြီးသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် အရေးကြီးသည့် အစည်းအဝေးတစ်ရပ်ဖြစ်ကြောင်း အစည်းအဝေးအဖွင့်မိန့်ခွန်းတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ မှ ပြောသည်။

ဒီနေ့ဒီအချိန်မှာဆိုရင် ပိုပြီးတော့ နိုင်ငံအတွင်းက နိုင်ငံရေးပါတီပေါင်းစုံများနဲ့ရော ကျနော်တို့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ရော ပူးပေါင်းနိုင်တဲ့ လုပ်ဆောင်နိုင်တဲ့ အဖွဲ့ အစည်းဆိုလို့ ယူအန်အက်ဖ်စီကဘဲ ဖြစ်တယ်ဆိုတာကလည်း အားလုံး သဘောပေါက်နားလည် ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆ မစဉ်းစားဖို့၊ လေးလေးနက်နက်ထားပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို တိတိကျက် ကြတ်ကြတ်မတ်မတ် ကြိုးစားဆောင်ရွက်သွားရမှာဘဲ ဖြစ်ပါတယ်။ အခုဆိုရင် ပိုပြီတောာ့ အရေးကြီးလာတဲ့ အချိန်ရောက်နေပြီဖြစ်တယ်။ ဟု ဗိုလ်ချူပ်ကြီး အင်ဘန်လ မှ ပြောသည်။

အရေးပေါ် အစည်းအဝေးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည် နှင့် တွေ့ဆုံဆွေးနွေးသွားကြမည့် အဓိကအချက်အလက်များ ၊ ကချင်ပြည်နယ် မိုင်ဂျာယန် တွင်ကျင်းပမည့် တိုင်းရင်းသား မျက်နှာစုံညီအစည်းအဝေး ပြင်ဆင်မှု အခြေအနေနှင့် ဆွေးနွေးကြမည့် အကြောင်းအရားများကို ဆွေးနွေးခြင်း နှင့် UNFC ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပနိုင်ရန် ကိစ္စတွေကို ဆွေးနွေးသွားကြမည်ဟု သိရသည်။

ထို့အပြင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ပြင်ဆင်ရေးဆွဲ ထားမှု၊ လုံးခြုံရေးနှင့်ကာကွယ်ရေးဆိုင်ရာ မူဝါဒ ရေးဆွဲထားမှု မူကြမ်း များကိုလည်း ယခု အရေးပေါ် အစည်းအဝေးတွင် တင်ပြဆွေးနွေးသွားကြရန်ရှိသည်ဟု သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ်အမှုဆောင် အရေးပေါ် အစည်းအဝေးကို ဇူလိုင်လ ၁၂ ရက်နေ့အထိ ကျင်းပသွားပြီး UNFC အဖွဲ့၏ ထိပ်သီးခေါင်းဆောင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဌ နိုင်ထောမွန်၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ အေဘယ်လ်တွီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နာယက ဗိုလ်ချူပ်ဆေထင် နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ အပါအဝင် တိုင်းရင်းသားထိပ်သီးခေါင်းဆောင်များ တက်ရောက်ဆွေးနွေးနေကြသည်။

၎င်းအစည်းအဝေးအား ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ နုတ်ထွက်ခွင့်တောင်းဆိုထားသည့် တအာင်း ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦး PSLF နှင့် မြန်မာတိုင်းရင်းသား၊အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် MNDAA အဖွဲ့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိဟု သိရသည်။