တိုင်းရင်းသားခေါင်းဆောင်များ ၂၁ ရာစု ကြိုတင်ပြင်ဆင်ရေးကော်မတီနှင့် တတိယ အကြိမ် တွေ့ဆုံ
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၁၆ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့် အဖွဲ့ဝင်များ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့၌ တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရန်ကုန်မြို့ အမျိုးသား ပြည်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC ရုံးတွင် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်မရေးထိုးကြရသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ နိုင်ငံရေးဆွေးနွေးပွဲများပေါ် ပေါက်လာရန် ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့DPN နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုများကို ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ကြိုတင်ပြင် ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ မှ ပြောသည်။
နှစ်နာရီခွဲကြာတဲ့ ဆွေးနွေးပွဲမှာ အဓိကတော့ ကျနော်တို့ ခေါင်းစဉ် လေးခုကို ဆွေးနွေးကြပါတယ်၊ နံပါတ်တစ်ကတော့ မနက်ဖြန်မှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UNFC ဥက္ကဌ နဲ့ တွေ့ဆုံ မည့် အထွေထွေကိစ္စရပ်ပါ၊ ဒုတိယကတော့ မိုင်ဂျာယန်မှာ ကျင်းပမည့် တိုင်းရင်းသားတွေနဲ့ တွေ့ဆုံမှု အခြေအနေတွေကို ရှင်းပြပါတယ်။ တတိယကတော့ ဒီ DPN အနေနဲ့ အကြိုညှိနှိုင်း ရေး ကော်မတီ အကြိုပြင်ဆင်ရေးကော်မတီနဲ့ နောက်တစ်ကြိမ် ထပ်ပြီး ဆွေးနွေးဖို့ ကိစ္စပါ၊ နောက်ဆုံးတစ်ခုက တော့ ကျနော်တို့ မိုင်ဂျာယန် လုပ်မယ့် ဒီ ကျနော်တို့ ဒီတိုင်းရင်းသားတွေ တွေ့ဆုံပွဲအတွက် လိုအပ်တဲ့ပေါ့လေ အကူအညီပေါ့။ အထူးသဖြင့်တော့ ခရီးသွားလာရေး ကိစ္စရပ်တွေကို ကူညီနိုင်ဖို့အတွက်ပြောပါတယ် ဒီလေးခုကိုပဲ အဓိက ဆွေးနွေးပါတယ်။
ဆက်လက်၍ UNFC ဥက္ကဌ ဗိုလ်ချူပ်ကြီး အင်ဘန်လ နဲ့ တွေ့ဆုံဆွေးနွေးမည့်ကိစ္စများကို မနက်ဖြန် ဇူလိုင်လ ၁၇ ရက်နေ့ မနက်ပိုင်းတွင် ထပ်မံတွေ့ဆုံညှိနှိုင်းရန်ရှိပြီး ညနေပိုင်းတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ဥက္ကဌ နှင့်အဖွဲ့ကို တွေ့ဆုံမှုဟာ လည်း မိသားစုများ ပြန်လည်တွေ့ ဆုံပြီး နွေးနွေးထွေးထွေး ဆွေးနွေးသည့်ပွဲမျှသာ အမြင်ဖလှယ် ကြရန် ရည်မှန်းထားကြောင်း ဆက်ပြောသည်။
ဒီကနေ့ ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအားလုံး ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နိုင်ရန်ကိစ္စအတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်ရန်လိုအပ်သည့် ဆွေးနွေးပွဲများတက်ရောက်ရန် ဖိတ်ကြားခဲ့သည်ဟု ဦးလှမောင်ရွှေ မှ ဆက်ပြောသည်။
ကျနော်တို့ ဒီ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တက်ဖို့တော့ အဆင့်တွေ ပြင်ဆင်ရတာ တွေရှိပါတယ် ဒီနေ့ကတော့ ကြိုတင်ပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း အနေနဲ့ ဒီ UNFC အဖွဲ့ဝင်တွေကို မူဘောင်ဆိုင်ရာ ပြန်လည်သုံးသပ်တဲ့ ပွဲကို တရားဝင် သြဂုတ်လဆန်း မှာ လုပ်ပါမယ် အဲ့တော့ သြဂုတ်လဆန်းမှာ လုပ်တဲ့ပွဲကို ဒီ UNFC အဖွဲ့ဝင်တွေ ၇ ဦး ၇ ဖွဲ့ပေါ့နော် တက်ရောက်နိုင်ဖို့ ဖိတ်စာကို ဒီနေ့ ကျနော်တို့ ပေးအပ်လိုက်တာ ရှိပါတယ်။ ရက်ကိုတော့ ကျနော်တို့ ညှိနှိုင်းပါ့မယ် ကျန်တာကိုတော့ တရားဝင် ဖိတ်စာပါ ၊ ကျန်တဲ့အဖွဲ့တွေကိုလည်း ကျန်တဲ့ တာဝန်ရှိတဲ့သူတွေက ဆက်တွေ့သွားလိမ့်မယ်။
UNFC အဖွဲ့ဝင် ၉ ဖွဲ့ထဲမှ ပလောင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PSLF နှင့် မြန်မာတိုင်းရင်း သား အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ် MNDAA အဖွဲ့အပါအဝင် UNFC အဖွဲ့ဝင်မဟုတ်တဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့သုံးဖွဲ့ကို ဦးသိန်းဇော် က သီးခြားဆက်သွယ်ဆောင်ရွက်သွားမှာဖြစ်ပြီး UWSP ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ နဲ့ မိုင်းလား အဖွဲ့တွေကိုပါ ဆက်သွယ်ညှိနှိုင်းသွားပြီး ဆွေးနွေးပွဲကို အတူတကွ တက်ရောက်နိုင်ရန် စီစဉ်သွားမည်ဟု ဦးလှမောင်ရွှေ မှ ပြောပါတယ်။
ယနေ့တွေ့ဆုံဆွေးနွေးပွဲအား ပြည်ထောင်စု ငြိမ်းချမ်းရေး အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း နှင့်အတူ ဦးကျော်တင့်ဆွေ၊ ဦးခင်ဇော်ဦး၊ဦးသိန်းဇော်၊ဦးအောင်ကြည်၊ ဦးဇော်ဌေး၊ ဦးနိုင်ငံလင်း၊ဦးခက်ထိန်နန်၊ ဒေါက်တာ မင်းဇော်ဦး နဲ့ ဦးကျော်လင်းဦး တို့ တက်ရောက်ခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ DPN က အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်သည့်အဖွဲ့တွင် ဗိုလ်ချူပ် စိုင်းထူး၊ ဒေါက်တာ နိုင်ရွှေသိန်း၊ ဦးယော်ထုန်၊ နိုင်ဗညားမွန် နှင့် ဦးဆန်အောင် တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။