ငြိမ်းချမ်းရေးတွင် တိုင်းရင်းသားအားလုံးပါဝင်ရေး ဆောင်ရွက်မည်ဟုဆုံးဖြတ်

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၂၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တိုင်းရင်းသား အားလုံးပါဝင်ရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှတဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်သွားကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ မျက်နှာစုံညီအစည်းအဝေးမှ ဆုံးဖြတ်လိုက်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင်လ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပခဲ့သည့် အစည်းအ ဝေးတွင် ရေတိုလုပ်ငန်းများနှင့် ရေရှည်လုပ်ငန်းများဖြစ်သည့် နိုင်ငံရေးနှင့်လုံခြုံရေးကိစ္စများကို ဆွေးနွေးခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များအား ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့မှ ပဒိုစောကွယ်ထူးဝင်း မှ ပြောသည်။

ငြိမ်းချမ်းရေး Proress မှာ အကုန်လုံး ပါဝင်လာနိုင်ဖို့အတွက်တော့ ကျနော်တို့ လိုလားတာပေါ့ အဲ့ဒီ အဖြေတစ် ခုရလာနိုင်ဖို့ အတွက်လည်း ကျနော်တို့ မျှော်လင့်ပါတယ် အဲ့ဒါ တစ်ခုပေါ့နော် နောက်တခု ကတော့ ကျနော်တို့က ပြန်သုံးသပ်တာ အခု ကျနော်တို့ NCA လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ် ဒီတော့ NCA မှာပါတဲ့ ပြဌာန်းချက်နဲ့အညီ ငြိမ်းချမ်းရေး တည် ဆောက်မှု နိုင်ငံရေး တွေ့ဆုံဆွေးနွေးဖို့သွားမယ်လို့လည်း အဲ့လိုပဲ နားလည်တယ်

အစိုးရသစ်ကကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံမှာ တင်ပြဆွေးနွေးနိုင်ရန် အလုပ်ရုံဆွေး နွေးပွဲများ ခေါ်ယူကျင်းပပြီး စာတမ်းတစ်စောင်ပြုစုတင်ပြနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဟု ပအို့အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချူပ် PNLO အဖွဲ့မှ နာယကကြီး ဗိုလ်မှူးကြီး ခွန်ဥက္ကာ မှ ပြောဆိုသည်။

ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီးတော့ ဖက်ဒရယ်စနစ်ပေါ့ သူ့ပုံစံတွေကို ဆွေးနွေးဖို့က လိုလာတယ် ဒုတိယ အရေးအကြီးဆုံး ဖြစ်တာကတော့ တိုင်းပြည်ရဲ့ လုံခြုံရေးကဏ္ဍ ၊ လုံခြုံရေးကဏ္ဍမှာလည်းပဲ အစဉ်အလာအရ ကျနော်တို့ တိုင်းပြည်မှာက လက်နက်ကိုင်တပ်တွေက တပ်မတော်က လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အဓိက တာဝန်ရှိတယ်လို့ မှတ်ယူထားတော့ လုံခြုံရေးကဏ္ဍ ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ဘယ်လိုလုပ်မလဲ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ကိုက်ညီတဲ့ လုံခြုံရေးကဏ္ဍက ဘာဖြစ်လာမလဲပေါ့ဗျား အဲ့ဒါတွေကို ဒီ ကဏ္ဍကြီးနှစ်ခုကိုပဲ အလေးထား ဆွေးနွေးပြီးတော့ ကိုယ့်ရဲ့ ၈ ဖွဲ့ အနေနဲ့ Working Document အဆင့်လောက်ပေါ့ ကိုင်ပြီးတော့ ၂၁ ရာစု ပင်လုံမှာ ဝင်ရောက်ဆွေးနွေးနိုင်ဖို့အတွက် ပြင်ဆင်တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင်ကျင်းပမည့် တိုင်းရင်းသားအဖွဲ့အစည်းအားလုံး၏ မျက်နှာစုံညီအစည်းအဝေးကို NCA အပစ်ရပ်အဖွဲ့ ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်သွားရန် ဆုံးဖြတ်ခဲ့ကြပြီး သီးခြားစာတမ်းတင်ပြီး အမြင်သဘောထားတင်ပြဆွေးနွေးရန် အစီအစဉ်မရှိဟု ဆက်ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့၏ EAO-Smmit ညီလာခံကို ကချင်ပြည်နယ် မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးအပြီးဖြစ်သည့် သြဂုတ်လလယ်ပိုင်းတွင် ခေါ်ယူကျင်းပသွားဖို့ ယာထားပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ဆွေးနွေးတင်ပြမည့် အချက်များကိုလည်း ထပ်မံဆွေးနွေးဆုံး ဖြတ်သွားမည်ဟု သိရသည်။

သုံးရက်ကြာ ကျင်းပခဲ့သည့် အစည်းအဝေးကို ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုး သားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအို့အ မျိုး သား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ရှမ်းပြည်ပြန် လည် ထူထောင်ရေး ကောင်စီ RCSS နဲ့ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA မှ ခေါင်းဆောင် ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခဲ့သည်။