၂၁ ရာစုပင်လုံညီလာခံ တက်ရောက်နိုင်ရေး အစိုးရနှင့်တိုင်းရင်းသားများ ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၂၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) မှ အဖွဲ့ဝင် ဦးခက်ထိန်နန် ပါဝင်သည့် အဖွဲ့ဝင် ၅ ဦးပါအဖွဲ့သည် NCA အပစ်ရပ် လက်မှတ်မရေး ထိုးရသေးသည့် တိုင်းရင်သား လက်နက်ကိုင်ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၅ နာရီက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khum Phu Come Hotel တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးခက်ထိန်နန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့DPN အဖွဲ့တို့ ည ၉ နာရီကျော်အထိ တွေ့ဆုံဆွေးနွေးခဲ့ကြသည်နှင့် ပတ်သက်၍ DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် မှ သတင်းထောက်များအား ယခုလို ပြောဆိုသည်။
ဒီ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေးနဲ့ ကျနော်တို့ ဖက်ကနေ ပါဝင်တက်ရောက်နိုင်ရေး အတွက်ကို အခြေခံပြီးတော့ ကျနော်တို့ နည်းလမ်းကို ရှာကြံဖို့ကျနော်တို့ ပြောကြတယ်လေ ဒီနေ့ကတော့ ကျနော်တို့ နည်းလမ်း ရှာတဲ့အစလို့ပဲ ကျနော်တို့ ပြောပါရစေ အသေးစိတ် အကြောင်းအချက်အလက်တွေတော့ ကျနော်တို့ဘာမှအသေးစိတ် မဆွေးနွေးသေးပါဘူး ရှင်းရှင်းပြောရရင် အစိုးရ ကိုယ်စားလှယ်တွေကလည်းပဲ ကျနော်တို့ လာရောက် တွေ့ဆုံပြီးတော့ ကျနော်တို့ သွားနိုင်ခြေရှိမယ်ကောင်းမယ်လို့ကျနော်တို့ ထင်ရတဲ့ ကျနော်တို့ရဲ့ နည်းလမ်း ရှာကြံမှုနဲ့ ပတ်သက်ပြီး လာရောက်နားထောင်တာပေါ့ဗျားနော်
၎င်းအစည်းအဝေးတွင် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အစိုးအကြား လက်မှတ်ရေးထိုးကြမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချူပ် (NCA) နောက်ဆက်တွဲ သဘောတူညီချက် ၈ ချက်ပါရှိသည့် မူကြမ်းတစ်စောင် ပေးအပ်လိုက်သည်ဟု သိရသည်။
အစိုးရကိုယ်စားလှယ် ဦးခက်ထိန်နန် မှ ယခုဆွေးနွေးပွဲသည် ရန်ကုန်မြို့တွင် အစိုးရနှင့် နှစ်ကြိမ် တွေ့ဆုံဆွေးနွေး ခဲ့သည့် နောက်ဆက်တွဲဆွေးနွေးမှုမျှဖြစ်ပြီး ဆွေးနွေးမှုရလာဒ်နှင့် တိုင်းရင်းသားများ ပေးအပ်လိုက်သည်များအား နိုင်ငံတော် တာဝန်ရှိသူများထံ ဆက်လက်တင်ပြ ပေးသွားမည်ဖြစ်သည်ဟု ဦးခက်ထိန်နန် မှ ပြောသည်။
ကျနော်တို့ နိုင်ငံအတွက်ပေါ့လေ ကျနော်တို့ ဒါ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုပေါ့နော် ဒါ သွားနိုင်ဖို့အတွက်ကတော့ အားလုံးက ကျနော်တို့ ရည်ရွယ်ချက်က အတူတူဖြစ်နေပြီး လမ်းကြောင်းတစ်ခုတည်း သွားနေပြီ ဒါကြောင့် ဒီလမ်းကြောင်းထဲမှာ ဘယ်ပုံဘယ်နည်းနဲ့ အားလုံးပါဝင်ပြီးတော့ သွားနိုင်မလဲ ဆိုတဲ့ဥစ္စာကို ကျနော်တို့က ဒါ အားလုံးဆွေးနွေးပြီးတော့ ကျိုးစားပြီးတော့ ဒါ အဖြေရှာနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အခု NCA နဲ့ပတ်သက်တဲ့ ကိစ္စတွေ နောက်ဒီ ဖရိန်ဝပ်ခ် ရီဗြူးလုပ်ဖို့ပေါ့နော် နိုင်ငံရေး မူဘောင်ကို ပြန်ပြီးတော့ သုံးသပ်ဖို့ဟာတွေ နောက်ပြီးတော့ အခု ၂၁ ရာစု ပင်လုံပေါ့နော် ညီလာခံနဲ့ ပတ်သက်တဲ့ဟာတွေ တက်ရောက်နိုင်ဖို့ဟာတွေကို ကျနော်တို့ အားလုံး ဝိုင်းဝန်းဆွေးနွေး နည်းလမ်းရှာနေတာ ဖြစ်ပါတယ်။
၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် အစိုးရဖက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – (၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂) အဖွဲ့ဝင် ဦးခက်ထိန်နန်၊ ဒေါ်ဒွဲဘူ၊ ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် ဦးကျော်လင်းဦး တို့ ပါဝင်သည်။
တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွင် DPN အဖွဲ့ခေါင်းဆောင် ခူးဦးရယ် နှင့်အတူ ဒေါက်တာ နိုင်ရွှေသိန်း၊ ဗိုလ်မှူးကြီး ဆေအွန်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဗိုလ်မှူး တာ့ညီလူ၊ ဦးထွန်းဇော်၊ ဒူဝါး ဘောမ်ဝမ်လရော် ၊ ဗိုလ်မှူးကြီး မင်းထွန်း တို့ တက်ရောက်ခဲ့သည်။