မိုင်ဂျာယန်မျက်နှာစုံညီအစည်းအဝေး တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့ တက်ရောက်ခြင်းမရှိ
သတင်းနှင့်မီဒီယာကွန်ယက်။
မိုင်ဂျာယန်၊ ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပပြုလုပ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေး အဖွဲ့များ၏ မျက်နှာစုံညီ အစည်းအဝေးသို့ တအာင်းပလောင် အမျိုးသား လွတ်မြောက်ရေး တပ်ဦး PSLF/TNLA အဖွဲ့အပြင် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ “ဝ” ပြည် သွေးစည်းညီညွှတ်ရေးပါတီ (UWSP) နှင့် နာဂပြည် အမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့ ဆွေးနွေးပွဲသို့ တက်ရောက်လာခြင်းမရှိကြောင်း သိရသည်။
တအာင်းပလောင် အမျိုးသားလွတ်မြောက်ရေးတပ်ဦး TNLAအနေဖြင့် ဆွေးနွေးပွဲသို့ တက်ရောက် ခြင်းမရှိသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ PSLF/TNLA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ယခုလိုပြောသည်။
“ကျနော်တို့ အဖွဲ့မတက်ဖြစ်တာက အများစုက ဒီမိုင်ဂျာယန်မှာတက်နေတာက အစိုးရအဖွဲ့နဲ့ တပ် မတော်အဖွဲ့နဲ့ ညှိနှိုင်းမှု ရရှိပြီးသားတွေဖြစ်တယ်။ ကျနော်တို့ဘက်ကတော့ တွေ့ဆုံညှိနှိုင်းမှုတွေ မရှိသေးဘူး။ အဲ့ဒါတချက်ပေါ့နော်။ တပ်မတော်ဘက်ကလည်း ကျနော်တို့ကို ငြိမ်းချမ်းရေးလမ်းစဉ် အရ လက်နက်စွန့်ရမယ်ဆိုတာလည်း ရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့အဖွဲ့က တက်ရောက်ရင် လိုရာမရောက်ပဲနဲ့ ကျနော်တို့ကြောင့် တိုင်းရင်းသားတွေကြားမှာ ဆွေးနွေးညှိနှိုင်းမှုက ကြာရှည်နိုင် တယ်၊ ပျက်စီးနိုင်တယ် ဆိုတဲ့ အချက်တစ်ချက်ရယ်၊ ပြီးတော့ ဒီအစည်းအဝေးမှာ ဦးဆောင်တဲ့လူ တွေထဲမှာ RCSS လည်းပါတယ်၊ RCSS လည်း ပါတဲ့အတွက် လက်ရှိက ကျနော်တို့နဲ့ RCSS က တိုက်ပွဲက ဆက်ရှိနေတယ်၊ အဲ့မှာ ကျနော်တို့ တက်လို့ရှိရင်တော့ ဒီအစည်းအဝေးမှာ လိုရာမ ရောက်ပဲနဲ့ ကျနော်တို့နဲ့ RCSS ကြားမှာပဲ ဆွေးနွေးညှိနှိုင်းတဲ့ ပုံစံလည်း ဖြစ်သွားမှာလည်း ကြောက်တာပေါ့။ နိုင်ငံရေးဆွေးနွေးပွဲမဖြစ်ပဲနဲ့ ကျနော်တို့နဲ့ RCSS ကြားက ပြဿနာ ဆွေးနွေးတာမျိုး ဖြစ် သွားမှာ ကြောက်တယ်။”
၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေး၊ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောင်ခြင်းဆိုင်ရာ နိုင်ငံရေး ဘုံသဘောထား ရပ်တည်ချက် ရယူရေး ဆိုသည့် ရည်ရွယ်ချက်နှစ်ရပ်အပေါ် အခြေခံပြီး ကျင်းပသည့် မိုင်ဂျာယန်အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့နှင့် အခြားကိုယ်စားလှယ်အဖွဲ့များကို ဖိတ်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ စတင်၍ (၄) ရက်ကြာ ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပမည့် တိုင်း ရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို တနိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားသည့် လက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် အဖွဲ့အစည်း ၁၈ ဖွဲ့ အပါအဝင် ကိုယ်စားလှယ် အဖွဲ့ ၂၄ ဖွဲ့ တက်ရောက် ဆွေးနွေးနေကြသည်။