မူလရှိပြီး ဖက်ဒရယ် မူကြမ်းများကို အခြေခံ၍ ဆွေးနွေးသွားရန် သဘာပတိ လမ်းညွှန်
သတင်းနှင့် မီဒီယာကွန်ယက်
မိုင်ဂျာယန်။ ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။
အစိုးရဘက်မှ မည်သည့်ဖက်ဒရယ် ပြည်ထောင်စုပုံစံပဲ ရည်ညွန်းသည်ဖြစ်စေ မိမိတို့ဘက်မှ မည်သည့် ဖက်ဒရယ်ပုံစံမျိုးကို တည်ဆောက်မည်ဆိုသည်ကို စဉ်းစားလေ့လာပြင်ဆင်ထားပြီးဖြစ်ကြောင်း ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး ဒုတိယနေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောကြား လိုက်သည်။
“အဲ့ဒီအတွက်ကြောင့် အစကနေ ပြန်စဖို့ မလိုတော့ဘဲ ၂၀၀၈ ခုနှစ်က ဖက်ဒရယ် ပြည်ထောင်စုအခြေခံ ဥပဒေ (မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းရေးကော်မတီ (FCDCC) မှ မူကြမ်းအဖြစ် သဘောတူထားပြီးသော ဖက်ဒယ် အခြေခံမူကြမ်းအပြင် ၂၀၁၅ ခုနှစ်က UNFC မှ ဖြည့်စွက်ထားသော အချက်အလက်များကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုဖြည့်စွက် ပြင်ဆင်မှုလုပ်ပြီး ဒီအစည်းအဝေးကြီးကနေ ဆွေးနွေးအတည်ပြုနိုင်ပါတယ်” ဟု KNU ဒု-ဥက္ကဌ ပဒိုနော်စီဖိုးရာစိန်က ပြောကြားခဲ့သည်။
လက်ရှိအစိုးရသစ်လက်ထက်တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို ပွင့်ပွင့်လင်းလင်း ဖော်ပြနေ ခြင်းသည် တိုင်းရင်းသားများအတွက် အားသာချက်တစ်ချက်ဖြစ်သည်ဟု ပြောသည်။
ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ (၄) ရက်ကြာ ဆွေးနွေးသွားမည့် မိုင်ဂျာယန် မျက်နှာစုံညီအစည်း အဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားတို့အပေါ် အခြေခံပြီး ဆွေးနွေးသွားရန်ဖြစ်ကြောင်း နော်စီဖိုးရာစိန်က အမှာစကားတွင် ထည့်သွင်းပြောကြားသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတွင် ပင်လုံလက်စွဲ စာတမ်းဆွေးနွေးခြင်း၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်း ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ များအတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ရေးတို့ကို အဓိထား ဆွေးနွေးသွားမည် ဖြစ်သည်။