မိုင်ဂျာယန် အစည်းအဝေးမှ ဘုံသဘောတူညီချက် ထွက်ပေါ်မည်ဟု ကချင်ခေါင်းဆောင် မျှော်လင့်
သတင်းနှင့် မီဒီယာ ကွန်ယက်။
မိုင်ဂျာယန်၊ ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် မိုင်ဂျာယန်ဆွေးနွေးပွဲမှ တိုင်းရင်းသားအင်အားစုတွေအားလုံး ၂၁ ရာစု ပင်လုံ ညီလာခံ အစည်းအဝေးအတွက် ဘုံသဘောတူညီချက်တခုကို တင်ပြနိုင်ဖို့ မျှော်လင့်ကြောင်း ကချင် လွတ်လပ်ရေး ကောင်စီ (ကေအိုင်စီ) ဒု-ဥက္ကဌ ၂ ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။
“အဓိကကတော့ ကျနော်တို့ ၂၁ ရာစုပင်လုံ အစည်းအဝေးမှာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ အားလုံးက ဘုံသဘောတူချက်တွေကို တင်ပြနိုင်ဖို့ မျှော်လင့်တာဖြစ်ပါတယ် အသေးစိတ်တွေ မဟုတ်ပဲနဲ့ပေါ့နော ဆွေးနွေးပွဲတွေမှာ အောင်မြင်နိုင်ဖို့ဆိုရင် ဘုံသဘောတူချက် တွေကို အပြုသဘောနဲ့ တစုံတရာရရှိဖို့ မျှော်လင့်ချက်ထားရှိတာဖြစ်ပါတယ်”
လေးရက်တာ ကျင်းပမည့် ဒီဆွေးနွေးပွဲတွင် ပင်လုံလက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း၊ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေများအတွက် အခြေခံမူများ၊ လုံခြုံရေးနှင့် ကာကွယ်ရေး ဆိုင်ရာ အခြေခံမူများနဲ့ နိုင်ငံရေးဆွေးနွေးမူဆိုင်ရာ မူဘောင် ပြန်လည်ပြင်ဆင်ရေးတို့ကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်သည်ဟုသိရသည်။
သက်ဆိုင်ရာ ခေါင်းစဉ်များကို အသေးစိတ်ဆွေးနွေးသွားမည်မဟုတ်ပဲ ဘုံသဘောတူညီချက် ရနိုင်သည့် အဓိက မူဝါ ဒပိုင်းဆိုင်ရာကိုသာ ဆွေးနွေးသွားမည်ဖြစ်သည်ဟု ဗိုလ်ချုပ်ဂွမ်မော်က ဆက်ပြောသည်။
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ဇူလလိုင်၂၆ ရက်မှ ၂၉ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး ယခု အကြိမ် ကျင်းပပြုလုပ်ခြင်းသည် ပဉ္စမအကြိမ်မြောက်ဖြစ်သည်ဟု သိရသည်။