တိုင်းရင်းသား နိုင်ငံရေး ပါတီများ ၂၁ ရာစု ပင်လုံညီလာခံ ပါဝင်ရေး အခက်တွေ့
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၆ ခုနှစ်။
၂၁ ရာစု ပင်လုံညီလာခံနှင့် ပတ်သက်၍ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍမှာ ယခုချိန်ထိ ပီပီပြင်ပြင် မပေါ် ပေါက်သေးကြောင်း ကချင်ပြည်နယ် မိုင်ဂျာယန်မှာ ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန် ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်လာသည့် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များက ပြောသည်။
ပင်လုံအခြေခံပြီး ကျင်းပမည့် ၂၁ ရာစု ပင်လုံတွင် တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍမှာ ပိုမိုတာဝန်ရှိသော်လည်း ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်တွင် နိုင်ငံရေးပါတီ ၅၀ ကျော်မှာ လုံးဝပါဝင်ခွင့်မရမည့် အနေအထားရောက်နေ ကြောင်းညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF) ကိုယ်စားလှယ် ပူးဇိုဇမ်က ပြောသည်။
“၂၁ ရာစုနဲ့ တွဲပြီးမှ ဖွင့်တဲ့အချိန်မှာကတော့ ကျနော်တို့က အနိုင်မရတဲ့ပါတီဆိုပြီးတော့ ကျနော်တို့က ဖယ်ရှားတာ ခံနေရပါတယ်။ ဒီလိုတိုင်းရင်းသားတွေ လက်ရှိအနေအထားကနေ အနိုင်ရတဲ့ပါတီတွေပဲ တင်မယ်၊ သူတို့ပဲ ပါဝင် ခွင့်ရှိမယ်ဆိုရင် ကျနော်တို့ တိုင်းရင်းသားပါတီ ၅၀ ကျော်လောက်က ညီလာခံထဲမှာ လုံးဝပါလို့မရတော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ကြိုးစားပြီးတော့မှ ပြင်ဆင်မှုတွေ ပြုပြင်မှုတွေ မလုပ်လို့ကတော့ ကျနော်တို့ တိုင်းရင်း သားတွေရဲ့ ဆန္ဒသဘောထားတွေ ၂၁ ရာစု ပင်လုံညီလာခံမှာ ဘယ်လိုမှ ထိထိရောက်ရောက် ဖော်ပြနိုင်မှာ မဟုတ်ဘူး။ ဆိုတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ အဓိက ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ကျနော်တို့ မှန်း ထားတာဖြစ်တယ်။ ဖက်ဒရယ်နဲ့ ပတ်သက်ရင် အဓိက ကျနော်တို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ ပင်လုံကို အခြေခံမယ်ဆိုရင် ပိုတောင်မှ ကျနော်တို့မှာ တာဝန်ယူရမယ်။ ကိုယ်တာဝန်ယူနိုင်မယ့် အနေအထားကနေ တာဝန်မယူနိုင်မယ့် အနေအထားမျိုး ရောက်သွားတယ်။” ဟု NBF ကိုယ်စားလှယ် ပူးဇိုဇမ်က ပြောသည်။
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများနှင့် အဖွဲ့အစည်းများမှာ ကိုယ်စားလှယ်များ တက်ရောက် ဆွေးနွေးနေကြ သည်။
တိုင်းရင်းသားများ မျှော်လင့်နေသည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ၁၉၄၇ ခုနှစ် ပင်လုံမှ ကတိကဝတ်များကို ပြန်လည် အကောင်အထည်ဖော်ခြင်း၊ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခြင်း၊ ရေးဆွဲခြင်းများ ပြုလုပ်မည် ဆိုက တိုင်းရင်းသားများအတွက် ကောင်းမွန်တဲ့ အခြေအနေကို မျှော်လင့်လို့ရနိုင်သည်ဟု ညီညွတ်သော တိုင်း ရင်းသားများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ် မန်းကျော်ငြိမ်းက ပြောသည်။
“ဒီအခုအစည်းအဝေးက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးဆိုပေမယ့် ပြည်တွင်းမှာ ရှိတဲ့ တိုင်းရင်းသား ပါတီတွေရဲ့ အသံနဲ့အကြံဉာဏ်တွေကိုလည်း ဆွေးနွေးခွင့်ပေးတယ်။ သူတို့က အခုလိုတက်ခွင့် ပေးတဲ့အခါကြ တော့ အကုန်လုံးစုစည်းယူရတော့ ပိုပြီးတော့ ကောင်းမွန်တာပေါ့နော်။ လာမယ့် ၂၁ ရာစု ပင်လုံ ဆွေးနွေးပွဲမှာ လည်း နိုင်ငံတော်အနေနဲ့ ပါတီတွေ အဆင်ပြေအောင် လုပ်ပေးမယ်ဆိုရင် ကောင်းမယ်လို့ ယူဆတယ်။ အနိုင်မရတဲ့ တိုင်းရင်းသားပါတီတွေကတော့ လာမယ့် ညီလာခံမှာ ပါဝင်ခွင့် ပြောခွင့်မရှိဘူး။ အနိုင်မရတဲ့ ပါတီတွေကို CSO Forum မှာ ပါဝင်ခွင့်ပေး။ ကွာတာကတော့ CSO မှာ ဆွေးနွေးရမယ့် ဆွေးနွေးရမယ့် အကြောင်းအရာတွေ မှာ နိုင်ငံရေးနဲ့ လူခြုံရေးမပါဘူး။ တိုင်းရင်းသား ပါတီတွေက သူတို့ရဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို ပြောချင် တဲ့အခါ ပြောခွင့်မရဘူး။ အဲဒီလို အခက်အခဲ တွေ ရှိတယ်။ ၁၉၄၇ ပင်လုံကို အခြေခံသွားမယ်ဆိုရင် ကောင်းတဲ့အလားအလာ အများကြီးပါ။” ဟု UNA ကိုယ်စားလှယ် မန်းကျော်ငြိမ်းက ပြောသည်။
ညီနောင် တိုင်းရင်းသားးပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် ညီညွတ်သော တိုင်းရင်းသားများ မဟာမတ်အဖွဲ့ (UNA) တို့သည် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးတွင် တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်များအဖြစ် ဖိတ်ကြားထားခြင်း ဖြစ်သည်။