မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးတတိယနေ့တွင် လုံခြုံရေးဆိုင်ရာ မူများ ရေးဆွဲရန် အလုပ်အဖွဲ့ ဖွဲ့စည်း
သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၂၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ပြည်ထောင်စု တပ်မတော်အား အရပ်ဘက်အုပ်ချုပ်မှုအောက်တွင်ထားရှိရေး၊ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် နိုင်ငံသားများအား ကာကွယ်ရေးအပါအဝင် အခြား အခြေခံမူ (၁၀) ချက်ကို ဘုံသဘာထား အဖြစ် စုစည်းခဲ့ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အခြေခံမူများကို စုစည်းရန် အလုပ်အဖွဲ့ကို ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ပြုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအများ၏ မျက်နှာစုံညီ တတိနေ့အပြီးတွင် ဖွဲ့စည်းလိုက်သည်။
တတိယနေ့ အစည်းဝေးတွင် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC)နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်အား လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့မှ တင် သွင်းလာသည့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး မူဝါဒ ဆိုင်ရာ အခြေခံမူများ စာတမ်းနှစ်စောင်အပေါ် အခြေခံဆွေးနွေးကြောင်းကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ပြော သည်။
“ဒီနေ့ကတော့ ကျွန်တော်တို့သည် ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာကဏ္ဍ တင်သွင်းလာတဲ့ စာတမ်းများကို ဆွေးနွေးနေတာဖြစ်ပါတယ်။ ကာကွယ်ရေးနဲ့ ပတ်သတ်တဲ့ ဘုံသဘောထားတွေ ချမှတ်ဖို့ရန် ဆွေးနွေးလို့ ပြီးပါပြီ။ ဒီအတွက်နဲ့ ပတ်သတ်ရင်လည်း လုံခြုံရေးကဏ္ဍလိုမျိုး ကျန်ရှိတဲ့အပိုင်းကိုလည်း အလုပ်အဖွဲ့ ဖွဲ့ပြီးတော့ ဒါကို ကျနော်တို့ ပြုစုထားမယ်။ ပြုစုပြီးရင် ကျွန်တော်တို့က ဒီအစည်းအဝေးကိုလည်းဘဲ ကျွန်တော်တို့ (၄)ရက်တာ အစည်းအဝေးအတွင်းမှာ ဆွေးနွေးထားတာတွေ အကုန်လုံးကို ပြန်လည်ခြုံငုံပြီးတော့မှ ဘုံသဘောထားတွေ ချမှတ်နိုင်ဖို့ သတ်သတ်အစည်းအဝေးတရပ်ကိုထပ်ပြီးတော့ တိုးအုံးမှာ ဖြစ်ပါတယ်။ (၃၀)နေ့တစ်ရက်ကို ထပ်တိုး ပြီးတော့ ကျင်းပမှာ ဖြစ်ပါတယ်။ ” ဟု PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေး တတိယနေ့တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများကို ဆွေးနွေးခဲ့သည်။
မိုင်ဂျာယန် အစည်းအဝေးတွင် (၂၁) ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ် ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘောထားတို့အပေါ် အခြေခံပြီး ခေါင်းစဉ်ကြီးလေးခုကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ဆက်ပြောသည်။
“ကျွန်တော်တို့မှာက သည်ဆွေးနွေးတဲ့ အချက်အလက်တွေမှာတော့ သဘောထား တင်းတင်းမှာမှာ ကွဲပြားတာ မျိုးတော့လောက်ထိ မရှိပါဘူး။ သို့သော်လည်း သည်ဆွေးနွေးချက်တွေအပေါ်မှာကတော့ ကျွန်တော်တို့က ဒီမိုက ရေစီကို အခြေခံတာဖြစ်တယ်။ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် ဒီမိုကရေစီကို အခြေခံတာဖြစ် တယ်။ ကျွန်တော်တို့ကြားမှာ အကြယ်အလည်ညှိနှိုင်ဆွေးနွေးပြီးတော့ ဘုံသဘောတူညီချက်တွေရအောင် အသေးစိတ်ဆွေးနွေးကြတဲ့အတွက် အကျယ်အလည်ဆွေးနွေးကြတဲ့အတွက် ဒါအလုပ်အဖွဲ့တွေနဲ့ ထပ်ပြီးတော့ လုပ်ကြတာဖြစ်ပါတယ်။ အကျယ်အလည်ဆွေးနွေးမှုကနေ သွားမှာဖြစ်တဲ့အတွက် အချိန်ယူပြီးတော့မှ နောက် တစ်ရက်တိုး လိုက်တာ ဖြစ်ပါတယ်။”
မိုင်ဂျာယန်အစည်းအဝေး တတိနေ့တွင် လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများကို ဆွေးနွေးပြီး အချိန်လုံလောက်မှု မရှိသည့်အတွက် နောက်တစ်ရက်ထပ်တိုး ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။