ငြိမ်းချမ်းရေးအတွက် တရုတ်က ပြတ်ပြတ်သားသား ထောက်ခံမည်

သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။

တရုတ်နိုင်ငံက ပြည်တွင်း ငြိမ်းချမ်းရေးကို ပြတ်ပြတ်သားသား ထောက်ခံပြီး ငြိမ်းချမ်းရေးရဖို့ ထောက်ခံတဲ့ အင်အားစုအားလုံးကိုလည်း ပြတ်ပြတ်သားသား ထောက်ခံ အားပေးသွားမည်ဟု မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး တတိယနေ့တွင် ပြောလိုက်သည်။

တရုတ်သံတမန် Mr.Sun Guoxing က “မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် နိုင်ငံတော် အတွက် အရေးအကြီးဆုံး အကျိုးရလာဒ်တခု ဖြစ်ပါတယ်။ အရေးအကြီးဆုံးကိစ္စ တခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် အဖက်ဖက်က ဝိုင်းဝန်းပြီးတော့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မယ်လို့ ကျနော်မျှော် လင့်ပါတယ်။ ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ဖို့ဆိုရင် တိုင်းရင်းသား အဖွဲ့အစည်းတွေက ပါဝင်ဖို့ဆိုရင် တရုတ် နိုင်ငံဖက်ကဆိုရင် ပြတ်ပြတ်သားသားရှိပါတယ်။ မြန်မာနိုင်ငံမှာလည်း ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ ထောက်ခံတဲ့ အင်အားစုကို အားလုံးကို ထောက်ခံပါတယ်။ ထောက်ခံပါတယ် အားပေးပါတယ်။” ဟု ပြောသည်။

မိုင်ဂျာယန်အစည်းအဝေး စတုတ္ထနေ့တွင့် အထူး ဧည့်သည်တော်များဖြစ်ကြသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Mr. Vijay Nambiar နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးရာ ဌာန၏ အာရှ ရေးရာ အထူးသံတမာန် Mr. Sun Guoxing (ဆန်ဂုန်ရှင်း) တို့လည်း တက်ရောက်ခဲ့ကြပြီး ၂၁ ရာစုပင်လုံညီလာခံနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှုများကို ထောက်ခံအသိအမှတ် ပြုကြောင်း ပြောသည်။

လာမည့် ၂၁ ရာစု ပင်လုံညီလာခံတွင်လည်း တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များကို ပြန်လည်တွေ့ဆုံရမယ်လို့ မျှော်လင့်ကြောင်း တရုတ်သံတမန် Mr.Sun Guoxing က ဇူလိုင်လ ၂၉ ရက်နေ့ မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

Mr.Vigay Nambiar နှင့် Mr.Sun Guoxing တို့ဟာ မိုင်ဂျာယန်အစည်းအဝေးမှာ ဇူလိုင်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဆွေးနွေးမှုတွေမှာ ပါဝင်ခဲ့ပြီး အစည်းအဝေး စတုတ္ထနေ့ မိန့်ခွန်းပြောကြားအပြီး မိုင်ဂျာယန်မှ ထွက်ခွာသွားပြီ ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့တွင် နိုင်ငံရေးဆွေးနွေးမှု ဆိုင်ရာ မူဘောင်ကိစ္စရပ်များနှင့် ပတ်သက်သည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချသည့် ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှုအဆင့်ဆင့်တို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မိုင်ဂျာယန်အစည်းအဝေး စတုတ္ထနေ့တွင့် အလှည့်ကျ သဘာပတိ ကရင်အမျိုးသားအဖွဲ့ချုပ်(KNU) ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

“ဒီကနေ့မှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ကိစ္စရပ်များနဲ့ ပတ်သက်စည့် ကိုယ်စားပြုမှု၊ စုဖွဲ့မှု၊ ဆုံးဖြတ်ချက် ချမှတ်သည့်ပုံစံ၊ နိုင်ငံရေးဆွေးနွေးမှု ပုံစံအဆင့်ဆင့်နှင့် ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာ ခေါင်းစဉ်များ ကို ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေက နိုင်ငံရေးအရ ရှေ့ဆက်သွားနိုင်ဖို့အတွက် အရေးအကြီးဆုံး ကိစ္စ ရပ်များဖြစ်တဲ့အပြင် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအားလုံး သဘော တူညီမှုမရရှိသေးသည့် ကိစ္စရပ်များ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီကနေ့ ဆွေးနွေးချက်မှာ စိန်ခေါ်မှုပိုများနိုင်မှာ ဖြစ် တဲ့အတွက် ကျမတို့ အားလုံးလိုချင်တဲ့ သဘောတူညီချက်တွေ ရရှိဖို့ ခေါင်းဆောင်များအားလုံး စိတ်ရှည်သည်းခံ စွာနဲ့ အပြန်အလှန် ဆွေးနွေးကြဖို့ ကျမအနေနဲ့ မေတ္တာ ရပ်ခံလိုပါတယ်။” ဟု ပဒိုနော်စီဖိုးရာစိန်က ပြောသည်။

ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပနေသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း များ၏ မျက်နှာစုံညီအစည်းအဝေးကို အချိန်လုံလောက်မှု မရှိသည့်အတွက် နောက်တစ်ရက်ထပ်တိုး ဆွေးနွေးသွားမည် ဖြစ်သောကြောင့် ဇူလိုင်လ ၃၀ ရက်နေ့အထိ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။