သုံးပွင့်ဆိုင်ဆွေးနွေးရေးမူကို ဆက်လက် စွဲကိုင်မည်။
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။
နိုင်ငံရေး ဆွေးနွေးပွဲများတွင် သုံးပွင့်ဆိုင် ကိုယ်စားပြုမှုအပေါ် ဆက်လက် အခြေခံသွားရန် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး စတုတ္ထနေ့တွင် ပါဝင်တက်ရောက်သော ကိုယ်စားလှယ်များက ဘုံသဘောထားကို ချမှတ်လိုက်သည်။
သုံးပွင့်ဆိုင်ကိုယ်စားပြုမှု ဆိုသည်မှာ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်က တစ်စု၊ လက်နက်ကိုင် အဖွဲ့အစည်းများက တစ်စု ဖြစ်ပြီး အခြား နိုင်ငံရေး ပါတီများက တစ်စု ဖြစ်သည်ဟု မျက်နှာစုံညီ အစည်းအဝေး သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် နိုင်ဟံသာက ပြောသည်။
အရေးကြီးသော နိုင်ငံရေး၊ လုံခြုံရေး စသော ကိစ္စရပ်များတွင် သုံးပွင့်ဆိုင်ပုံစံဖြင့် ဆွေးနွေးသွားရန် ဖြစ်ပြီး ကျန် အစုအဖွဲ့များက သက်ဆိုင်ရာ ကဏ္ဍများတွင် ပါဝင်ဆွေးနွေးသွားရန် သဘောထားချမှတ်ခဲ့ကြသည်ဟု နိုင်ဟံသာက ပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲများတွင် ဆွေးနွေးရေး ခေါင်းစဉ်များအဖြစ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒ ခေါင်းစဉ်ကြီး ငါးခုအား အဓိက ထားဆွေးနွေးသွားရန် သဘောတူညီခဲ့ကြသည်။
နိုင်ငံရေး ဆွေးနွေးပွဲများတွင် အစုအဖွဲ့တစ်ခုချင်း၏ ၇၅% နှင့် ကိုယ်စားလှယ် အားလုံး၏ ၇၅% သဘောတူမှသာ အရေးကြီးသော ဆုံးဖြတ်ချက်များကို ချမှတ်ရမည်ဆိုသည့် အချက်နှင့်ပတ်သက်၍မူ ဆုံးဖြတ်ချက်မချနိုင်သေးပဲ ဆက်လက်ဆွေးနွေးစဲ ဖြစ်သည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောဆိုသည်။
ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို မူလက လေးရက် ကျင်းပရန် ရည်ရွယ်ထားသော်လည်း မနက်ဖြန် ဇူလိုင် ၃၀ ရက်နေ့ကို တစ်ရက်တိုး ကျင်းပရန်လည်း ဆုံးဖြတ်ခဲ့ကြသည်။