မိုင်ဂျာယန် အစည်းအဝေး ပြီးဆုံး
သတင်းနှင့် မီဒီယာ ကွန်ယက်။
ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပခဲ့သည့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံ ညီအစည်းအဝေး နောက်ဆုံးနေ့တွင် ဘုံသဘောထားများ အဖြစ်ရယူရန် လိုအပ်နေသေးသည့် အချက်အလက် များကို ဆက်လက်အတည်ပြုနိုင်ရန်အတွက် မျက်နှာစုံညီအစည်းအဝေးမှ တာဝန်ပေးအပ်သည့် NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဖွဲ့ (CT) နှင့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့က ပူးတွဲနည်းလမ်းရှာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
အစည်းအဝေး နောက်ဆုံးနေ့ သဘာပတိဖြစ်သူ KIO ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကလည်း NCA လက် မှတ်ထိုးထားသည့် အဖွဲ့၊ မထိုးထားသည့်အဖွဲ့ဆိုပြီး ခွဲခြားမနေပဲ အစိုးရနှင့် ဆွေးနွေးရာတွင် စုစုစည်းစုည်း အဖွဲ့တဖွဲ့တည်း အနေနနှင့် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားရန် တိုက်တွန်းခဲ့သည်။
“အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ၂၁ ရာစု ပင်လုံညီလာခံမှာ ကျနော်တို့ တိုင်းရင်းသားများရဲ့ အသံဟာ တသံထဲ ဖြစ်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ အဲ့ဒါက အစည်းအဝေးမှာ ဘုံသဘောတူညီချက် ရယူဖို့ အင်မတန်ပဲ အရေး ကြီးပါတယ်” ဟု ဗိုလ်ချုပ်ကြီး အင်ဘန်က ပြောသည်။
မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံအခြေခံတွင် ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူ များ နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးခဲ့ပြီး ဘုံသဘောတူညီချက်များ ချမှတ်ခဲ့ကြသည်။
အစောပိုင်းနေ့များတွင် ပြည်ထောင်စု ဖွဲ့စည်းရာတွင် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများ ပြည်နယ်များဖြင့် ဖွဲ့စည်းရန်၊ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ကို အရပ်ဖက် အုပ်ချုပ်ရေး အောက်တွင် ထားရှိသွားရန်၊ နိုင်ငံရေး ဆွေးနွေးပွဲများတွင် သုံးပွင့်ဆိုင်ဆွေးနွေးရေးမူကို ဆက်လက်ကိုင်စွဲသွားရန် ဘုံသဘောတူညီချက်များ ချမှတ်ခဲ့ကြသည်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။