စစ်ရေးတင်းမာမှုကြောင့် ဒေသခံ ၂၀၀ ကျော် တိမ်းရှောင်နေရ

သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ ၃ ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းက ရှဒူးဇွပ်ကျေးရွာအနီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရစစ်တပ်များအကြား စစ်ရေးတင်းမာမှုများကြောင့် ဒေသခံ အယောက် (၂၀၀) ကျော် နေရပ်မှ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အစိုးရစစ်တပ်ဘက်မှ ရှဒူးဇွပ်ကျေးရွာအနီးက လော့ဒ်ဂျာ၊ ချောင်းဆုံ၊ ရှရပ်ချောင်း စသည့် ဒေသများ တွင် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည့်အတွက် အနီးနားရှိရွှေမှော်များတွင် အလုပ်လုပ်နေကြသော ဒေသခံများအပါအဝင် ရွှေမှော်လုပ်သား အယောက် ၂၀၀ ကျော်သည် ရှဒူးဇွပ်ကျေးရွာပေါ်ရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများတွင် လာရောက်တိမ်းရှောင်နေခြင်းဖြစ်ကြောင်း ဦးထွယ်အောင်က ပြောသည်။

“စစ်ရှောင်ကျတော့ ကျနော်တို့ KBC နှစ်ခြင်းမှာက ၅၀ ဝန်းကျင်ရှိတယ်။ RC ကျောင်းမှာက ၂၀ လောက်၊ မူရင်းနှစ်ခြင်းဘုရားကျောင်းတွေမှာလည်း အများကြီးပဲ။ အားလုံးကြည့်မယ်ဆိုရင် စစ်ရှောင် အယောက် ၂၀၀ ကျော် ဝန်းကျင်လောက်ရှိမယ်။ ကျနော်တို့ ကချင်မျိုးနွယ်တွေပေါ့။ ပြီးတော့ ရွှေမှော် တွေမှာ အလုပ်လုပ်တဲ့ ရွာသူရွာသားတွေ အလုပ်သမားတွေလည်း အကုန်ထွက်လာကြပြီ။ လက်နက် ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ အဲ့တော့ ၃၁ ရက်နေ့ ၁၁ နာရီ လောက်ကနေ စပြီးသွားကြိုကြတာ။ ရွာသူ ရွာသားတွေက မနေရဲတော့ အသင်းတော်ကနေ ထော်လာဂျီနဲ့ သွားကြိုကြတာ။”

စစ်ရှောင်ဒုက္ခသည်များအတွက် အစားအသောက်နှင့် အဝတ်အစားများ ပြဿနာအခက်အခဲများ ရှိနေပြီး လောလောဆယ်ဆယ်တွင် ဘုရားကျောင်းများနှင့် ကျေးရွာသူရွာသားများမှ လိုအပ်သည် များအား ကူညီထောက်ပံ့ပေးထားကြောင်း သိရသည်။

KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၁၄ နှင့် မြန်မာအစိုးရတပ်မတော် အကြား ဇူလိုင်လ လ ကုန်ပိုင်းမှစ၍ သြဂုတ်လ ၃ ရက်နေ့ ယနေ့အချိန်ထိ စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲငယ်များ ဖြစ်ပွားကာ လက်နက်ကြီးများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားနေသည်ဟု KIO ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“KIA ရင်း ၁၄ တပ်မဟာ-၂ ပေါ့နော်၊ ရွှေမှော်တွေနဲ့လည်း နီးတယ်။ အခုဖြစ်တာက တိုက်ပွဲကြီးတော့ မဟုတ်ဘူး။ မိုင်းပေါက်ကွဲတာတွေဖြစ်တယ်။ အစိုးရဘက်က ၈၁ မမ တွေနဲ့ ပစ်တာတွေ ရှိတယ်။ ၆၀ မမတွေနဲ့ ပစ်တယ်တဲ့။ ဒီနေ့မနက် သြဂုတ်လ ၃ ရက်နေ့ပေါ့၊ မနက် ၉ နာရီလောက်မှာလည်း လမုန့်ဒူဘက်မှာ ထပ်ဖြစ်တယ်။ မြန်မာစစ် တပ်ဘက် တက်လာလို့ KIA တပ်ရင်း ၁၄ နဲ့ ဖြစ်တာပါ။”

ဇူလိုင် (၂၈) ရက်နေ့မှ စတင်၍ အစိုးရစစ်တပ်ဘက်မှ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး KIA တပ် ရင်း(၁၄)နယ်မြေအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်နေကြာင်းနှင့် သြဂုတ်လ (၂)ရက်နေ့ ညတွင်လည်း လက်နက်ကြီး ပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများက ပြော သည်။

“လက်နက်ကြီးသံတွေကလည်း အခုတလော ဆက်တိုက်ကြားနေရတယ်။ တစ်မိနစ်ခြား နှစ်မိနစ်ခြား လက်နက်ကြီး အသံတွေကြားနေရတယ်။ ဘာကြောင့်ဖြစ်တယ် ဆိုတာ ကျွန်တော်တို့ ခန့်မှန်းရသ လောက်က ကျွန်တော်တို့ အရပ်ဒေသက ရွှေလုပ်တဲ့ နေရာဆိုတော့ တရုတ်ပိုများတယ် ရွှေဖောင်များ တယ်၊ ပြီးတော့ ဖက်ဖော်မျှော ကမ်းမျှောတွေ လုပ်ကြတယ် သူတို့က တရုတ်တွေကို ဖမ်းသလိုလိုနဲ့ စစ်ကြောင်းထိုးတဲ့ သဘောရှိပါတယ်။ စစ် ကြောင်းက ကျွန်တော်တို့ သိရလေက်က မိုးကောင်း စခက ရောပါတယ်၊ တပ်မ (၃၃) တနိုင်းတပ် (၂၈) တပ်မ (၃၈၄)လည်း ပါတယ်။ KIA က တပ်ရင်း ၁၄ နဲ့ ဖြစ်တာ။ ”

KIA ထိန်းချုပ်နယ်မြေများအတွင်း ဇူလိုင်လ လကုန်ပိုင်းမှ စတင်၍ ယနေ့အချိန်ထိ အစိုးရစစ်တပ်မှ စစ်ရေးလှုပ်ရှားမှုများ အဆက်မပြတ်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မိုင်ဂျာယန်တွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးပြုလုပ်နေသည့် အချိန်တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ နယ် တာမိုးညဲမြို့နယ်ခွဲရှိ ဟိုပုန်တောင်တွင် KIA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၂) နှင့် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၀ လက်အောက်ခံ တပ်ရင်းများကြား ဇူလိုင်လ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သည်။