ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဆွေးနွေး

သတင်းနှင့် မီဒီယာ ကွန်ယက်။
သြဂုတ်လ ၄ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုး ထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၄ ဖွဲ့မှ ခေါင်းဆောင် များသည် မြန်မာအစိုးရတပ်မတော်နှင့် ပြည်ထောင်စုတပ်မတော် တည်ထောင်နိုင်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးနေကြသည်။

သြဂုတ်လ ၃ ရက်နေ့မှ ၆ ရက်နေ့အထိ မြန်မာနိုင်ငံ လုံခြုံရေးစနစ်များ အာဏာခွဲဝေမှု တည်ဆောက်ခြင်း ခေါင်းစဉ်နှင့် နိုင်ငံတကာ တတ်သိပညာရှင်များပါဝင်ဆွေးနွေးနေမှုနှင့် ပတ်သက်ပြီး အစည်းအဝေးတက်ရောက်နေသည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS အဖွဲ့၏ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင် မှ ယခုလို ပြောဆိုသည်။

အခုဆွေးနွေးနေတာကတော့ အရင်က တိုက်ခိုက်လာကြတဲ့ လက်နက်ကိုင် တပ်ဖွဲ့ရယ် တပ်မတော်ရောအပါအဝင်ပေါ့ သူတို့ ဘယ်လိုမျိုး ပေါင်းစည်းကြမလဲ ပေါင်းစည်းတယ်ဆိုတာ လည်း လက်နက်ချတာမဟုတ်ဘူး နောက်ပြီးတော့မှ တဖက်ကနေ နောက်တဖက်ကို သွားပြီး တော့ မှီခိုတာ အောက်ကြို့တာ မျိုး မဟုတ်ပဲနဲ့ ဘယ်လို ပေါင်းစည်း ကြမလဲဆိုတဲ့အကြောင်းကို ဆွေးနွေးတာပေါ့၊ ဆိုလိုတာကတော့ အဲ့ဒီ လက်နက်ကိုင် တပ်ဖွဲ့တွေ တော်လှန်ရေးတပ်အဖွဲ့အ စည်းတွေကလည်း သူတို့က တနေရာမှာ ရှိနေကြတယ် တပ်မတော်ကလည်း တနေရာမှာ ရှိနေ ကြတယ် အဲ့ဒီ တပ်မတော်နဲ့ သူတို့နဲ့က ပြည်ထောင်စု တပ်မတော်ကြီး ဖြစ်လာအောင် ဘယ်လို မျိုး တူညီတဲ့ ပုံစံမျိုး သူတို့ ဆွေးနွေးနိုင်ကြသလဲ သဘောတူ နိုင်ကြသလဲ ဆိုတာကို အရင်လုပ် ရမယ် ပြီးတော့မှ နောက်ထပ်တဆင့်က ဘာလဲ ဆိုတော့ သူတို့ အခု ရှိနေတဲ့ နေရာကနေ အဲ့ဒီ သူတို့ သဘောတူထားတဲ့ ပုံစံကိုဘယ်လို သွားကြမလဲ။

၎င်း ဆွေးနွေးပွဲသည် ပြည်ထောင်စုတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာရန် နိုင်ငံတကာ တတ်သိပညာရှင်များဖြင့် နည်းလမ်းရှာဖွေသည့် ဆွေးနွေးပွဲတစ်ရပ်ဖြစ်ပြီး ဖက်ဒရယ် ယူနီယမ် လုံခြုံရေးစနစ်ကို တည်ဆောက်နိုင်ရန်အတွက် အဓိက ဆွေးနွေးနေကြခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

ဆွေးနွေးပွဲတွင် နီပေါနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ယူဂိုစလားဗီးယားနိုင်ငံများတွင် ဖြစ်ပေါ်ခဲ့သည် ပဋ္ဋိပက္ခ များကို အခြေခံပြီး လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေများနှင့် နှိုင်းယှဉ်ပြီး ဆွေးနွေးသုံးသပ်သွားရန်ရှိသည်ဟု သိရသည်။

ထို့အတူ ဖက်ဒရယ် လုံခြုံရေးစနစ်နှင့် စည်းမျဉ်းစည်းကမ်းကိစ္စ ရပ်များ၊ တပ်မတော်၏ အကျိုးစီးပွားနှင့် စိုးရိမ်မှုများကို ဆွေးနွေးသုံးသပ်ပြီး မြန်မာနိုင်ငံနှင့်ကိုက်ညီပြီး နိုင်ခြေရှိသည့် နည်းနာများကို ရှာဖွေသွားမည်ဟု သိရသည်။

လေးရက်ကြာ ကျင်းပမည့် ၎င်းဆွေးနွေးပွဲအား ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ နော်ကပေါ်ထူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS မှ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင် အပါအဝင် ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA မှ ခေါင်းဆောင် ကိုယ်စားလှယ်များ တက်ရောက်နေကြသည်။