ကချင်ပြည်နယ်၌ တိုက်ပွဲများကြောင့် ရွှေမှော်များတွင် လူဦးရေ တစ်ထောင်ကျော် ပိတ်မိနေ

သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာအနီးတဝိုက်တွင် ဖြစ်ပွားနေသည့် KIA နဲ့ အစိုးရတပ်မတော် အကြား တိုက်ပွဲများကြောင့် ရွှေမှော်များတွင် ပိတ်မိနေသူ အယောက် တစ်ထောင်ကျော်ခန့် ရှိနေသေးကြောင်း သိရသည်။

ရွှေမှော်များအတွင်း ပိတ်မိရာမှ ထွက်ပြေးလွှတ်မြောက်လာသူ လူဦးရေ တစ်ထောင်နီးပါးခန့်သည် ရှဒူးဇွပ် ကျေးရွာ အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများတွင် ခိုလှုံနေကြရသည်ဟု သိရသည်။

ရွှေမှော်များအတွင်း ပိတ်မိရာမှ လွှတ်မြောက်လာသူ ဒုက္ခသည် ဦးအိုက်စိုင်း က “ကျနော်တို့ပြေးလာတာ လမ်း တောင်မသိဘူး၊ အထဲမှာ ပိတ်မိနေတာတွေ ရှိသေးတယ် အများကြီးပဲ၊ ခန့်မှန်းခြေ တစ်ထောင် ကျော်လောက် ရှိနိုင်တယ်” ဟု ပြောသည်။

ရှဒူးဇွပ်ကျေးရွာအနီးတဝှိုက်ရှိ ရွှေမှော်များမှ ထွက်ပြေးလာသူများအား ဘာသာရေးအဖွဲ့အစည်းများ နှင့် KIA တပ် ရင်း-၁၄ တို့၏ အကူအညီများဖြင့် နန်ဗျူချောင်းဘက်မှ တနိုင်းဘက်သို့ ထွက်လာနိုင်အောင် ကူညီလုပ် ဆောင် ပေးနေသည်ဟု ဒုက္ခသည်များက ပြောသည်။

ဦးအိုက်စိုင်းက ကျနော်တို့က ဆားကျင်းမှော် ကနေပေါ့၊ အဆက်အသွယ်လုပ်ပြီး ထွက်ခွင့်ပေးမယ်ဆိုလို့ အဲ့လိုပဲ လမ်းလည်းမသိဘူး လာခဲ့ရတာ။ ဟိုဘက်က စောစောပိုင်းက မဖွင့်ပေးဘူး။ ပြည်သူလူထုတွေက အားလုံးပိတ်ခံ ထားရတာပေါ့ နော်။ ကျနော်တို့ ဒီဖက်ထိပ်မှာ နေတဲ့အခါကြတော့ ဒီဖက်ကို ထွက်လို့ ရတယ်ဆိုတော့ ထွက်လာ ခဲ့တာ။ မနေ့က တော့ တော်တော်လေး ဒုက္ခဖြစ် တယ်၊ ရေကြီးတော့လေ၊ ယောက် တစ်တန်းတစ်တန်း ကြိုး နဲ့ဆွဲ ကျနော်တို့ ဆားကျင်းမှော်ကနေ မနက် နာရီ မိနစ် ၃၀ လောက်မှာ ထွက်လာတယ်၊ နန်ဗျူရွှေမှော်ကိုတော့ နာရီ ကျော်ကျော်လောက်မှ ရောက်ခဲ့တာ ပေါ့။ ဟု ပြောသည်။

ခရစ်ယာန်အသင်းတော်များ၊ KIO မှ တာဝန်ရှိသူများ၏ အကူအညီအဖြင့် သုံးဘီးကားများ၊ စက်လှေများဖြင့် ဒုက္ခသည်များကို အပို့အကြိုတွေ လုပ်ဆောင်ပေးနေပြီး ဦးအိုက်စိုင်းနှင့်အတူ ဒုက္ခသည် အယောက် ၁၅၇ ဦး တိုက်ပွဲများကြောင့် ရွှေမှော်များတွင် ပိတ်မိရာမှ ထွက်ပြေးလွှတ်မြောက် လာကြခြင်းဖြစ်သည်ဟု ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများသည် ရှဒူးဇွပ်ကျေးရွာအနီးရှိ လော့ဒ်ဂျာ၊ ချောင်းဆုံ၊ ကိုင်းတော၊ သုံးဆယ်၊ ရှရပ်ချောင်း စသည့် ဒေသများရှိ ရွှေမှော်များတွင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများနှင့် ဈေးရောင်းသူများ ဖြစ်သည်ဟု သိရသည်။

ဒုက္ခသည် ဒေါ်ရီရီသန်းကလည်း ကျမတို့က ဆားကျင်းမှော်ကနေပါ။ တိုက်ပွဲဖြစ်တော့ ကြောက်လို့ ထွက်ပြေး လာတာပါ။ ကျမတို့ ဆားကျင်း မှော်ကနေ စထွက်တဲ့အခါမှာ ရေကြီးလို့လေ ရေက တောင်ကျရေတွေဖြစ်တဲ့ အခါကျတော့ တအားကြီးလို့လေ ကူးရတာ နည်းနည်းခက်ခဲတယ်။ ဟု ပြောသည်။

ဒေသခံအာဏာပိုင်များ၊ အစိုးရတာဝန်ရှိသူများ ဘက်မှလည်း နေရပ်ရင်းပြန်ချင်သူများကို တနိုင်းမှတဆင့် နေရပ်ရင်း ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည်ဟု ဒေသခံများမှ ပြောသည်။

စစ်ရှောင်ဒုက္ခသည်များအတွက် အစားအသောက်နှင့် နေရေးထိုင်ရေး ပြဿနာအခက်အခဲများ ရှိနေပြီး ဘုန်းကြီး ကျောင်းများ၊ ဘုရားကျောင်းများနှင့် ကျေးရွာသူရွာသားများမှ လိုအပ်သည် များကို ကူညီထောက်ပံ့ပေးထားကြောင်းလည်း သိရသည်။

KIA တပ်မဟာ ၂ လက်အောက်ရှိ တပ်ရင်း ၁၄ နှင့် မြန်မာအစိုးရတပ်မတော်တို့ အကြား ဇူလိုင်လ လကုန်ပိုင်း မှစတင်၍ ဒီကနေ့ အချိန်ထိ စစ်ရေးတင်းမာမှုများရှိနေပြီး တိုက်ပွဲငယ်များ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေသည် ဟု KIO ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။