E-VISA ဖြင့် နယ်စပ်မှ ဝင်ရောက်ခွင့်ပြုပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၆ ရက်၊ ၂၀၁၆ ခုနှစ်။
မြန်မာနိုင်ငံကို လာရောက်လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများအနေဖြင့် E-VISA (အီလက်ထရောနစ်ဗီဇာ) စနစ် ဖြင့် ထိုင်းနိုင်ငံ နယ်စပ်များမှ စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဝင်ရောက်ခွင့် ပြုလိုက်ပြီဖြစ်သည်။
အလည်အပတ် ဗီဇာနှင့် စီးပွားရေး ဗီဇာ နှစ်မျိုးကို နယ်စပ်များမှ တဆင့် E-VISA စနစ်ဖြင့် ထုတ်ပေးတော့မည် ဖြစ်ကြောင်း တာချီလိတ် မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးအရာရှိ ဦးရဲထွန်းမြင့်က NMG ကို ပြောပြသည်။
“E-VISA နဲ့ ပတ်သက်ပြီး အခုမှ စတာခင်ဗျ၊ နဂိုကတော့ ဟို တရားဝင် VISA ကြီးပေါ့ ဒါပါမှပဲ လျှောက်ထားပြီး VISA ခွင့်ပြုချက်ကျတဲ့ဟာပဲ။ ကျနော်တို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေကတော့ ပေးတာကြာပြီဗျ ကျနော်တို့ အခု ကုန်းလမ်း အခုမှ စတာပေါ့၊”
နိုင်ငံခြား ခရီးသည်များ ပိုမိုလွယ်ကူစွာ ဝင်ထွက်သွားလာနိုင်စေရန် ယခု အစီအစဉ်သစ်ကို စတင်လိုက်ခြင်း ဖြစ်သည်ဟု သူက ပြောသည်။
ထိုင်း မြန်နယ်စပ်မြို့များဖြစ်သည့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ မြန်မာနိုင်ငံ တာချီလိတ်မြို့၊ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြဝတီမြို့ နှင့် ထိုင်းနိုင်ငံ ရနောင်းမြိုု့မှ မြန်မာနိုင်ငံ ကော့သောင်းမြို့ များသို့ E-VISA ဖြင့် ဝင်ရောက်ခွင့် ပြုပေးလိုက်ခြင်း ဖြစ်သည်။
“နဂိုဆိုရင် ထိုင်းက လာမယ်ဆိုလို့ရှိရင် ဟို အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ဝင်ရမယ် ဘာညာ ဆိုတော့ နည်းနည်း သူတို့ အခက်အခဲရှိတာပေါ့။ အခု ဒီဖက် နယ်စပ် ကုန်းလမ်း ဘာညာဆိုရင်တော့ ပိုအဆင်ပြေကြတာပေါ့ သူတို့အတွက်။”
သို့သော်လည်း မယ်ဆိုင်-တာချီလိတ် နယ်စပ်မှ ဝင်ရောက်သူ တစ်ဦး နှစ်ဦးသာ ရှိသေးသည်။ ဦးရဲထွန်းမြင့်က “တချို့ကလည်း မသိကြသေးတာလား ဘာလား မသိဘူးပေါ့။” ဟု ပြောသည်။
နိုင်ငံပေါင်း ၁၀၀ က ခရီးသွား ဧည့်သည်များကို E-VISA ဖြင့် အလည်အပတ် ဝင်ရောက်ခွင့် ပြုသွားမည်ဖြစ်သည်။ စီးပွားရေး E-VISA လျှောက်ယူခွင့်ကိုလည်း ၅၁ နိုင်ငံက စီးပွားရေး လုပ်ငန်းရှင် တွေကို ခွင့်ပြုသွားမည် ဖြစ်သည်။
မြန်မာနိုင်ငံကို လာရောက်လည်ပတ်သော နိုင်ငံခြားသားဦးရေမှာ ပြီးခဲ့သည့်နှစ်အတွင်း ၁ ဒသမ ၆၉ သန်း ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းသည် ထိုင်း၊ တရုတ်၊ ဂျပန် နှင့် စင်ကာပူ နိုင်ငံများက လာရောက် လည်ပတ်သူများ ဖြစ်ကြသည်။