WFP ၏ ရိက္ခာထက်ဝက်လျော့သည့် အစီစဉ်ကြောင့် ရှမ်းမြောက်ဒုက္ခသည်များ အခက်တွေ့
သတင်းနှင့် မီဒီယာကွန်ရက်။
စက်တင်ဘာလ ၇ ရက်၊ ၂၀၁၆ ခုနှစ်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နှင့်နမ့်ခမ်းမြို့နယ်များရှိ စစ်ဘေးဒုက္ခသည်စခန်းများကို ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP အဖွဲ့မှ နဂိုပေးနေသည့် အထောက်အပံ့များအား ထက်ဝက်လျော့ချ လိုက် သည့်အတွက် ရိက္ခာအခက်ခဲအမျိုးမျိုးနဲ့ ကြုံတွေ့နေရသည်ဟု ဒုက္ခသည်များက ပြောသည်။
နမ့်ခမ်းမြို့နယ် ပန်လုံ ဒုက္ခသည်စခန်းမှ ဦးမဒိန်ချန်လုတ်က “ကျနော်တို့ အိမ်ထောင်စုတခု မှာ ၁၈ နှစ်နဲ့ ၅၀ ကြားက လူတွေအတွက်ကတော့ မပေးဘူးလို့ ပြောတယ်။ ဒါပေမယ့် အခု ကျနော်တို့ မိသားစု မှာဆိုရင် အသက် ၁၈ နှစ်နဲ့ ၅၀ ကြားက လူနှစ်ယောက်ရှိတယ်၊ နှစ်ယောက်ရှိတော့ တယောက်ကိုက ပေးတယ်၊ တယောက်ကိုက တဝက်ပေးတာပေါ့၊ နဂိုက ဆန် ၅ ပြည်နဲ့ ၄ လုံးပေးရင် အခုက ၂ ပြည်ကျော် အဲ့လို မျိုးပေးတာပေါ့။ ငွေက ပုံမှန် ကတော့ တယောက် ကို ၆၀၀၀ အခုကျတော့ တယောက်ကို လျော့တယ်ဆိုတော့ တဝက်နှုန်းနဲ့ အဲ့လိုမျိုးပဲပေး တာပေါ့။” ဟု ပြောသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လအထိ ဒုက္ခသည်များအား ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ လူတဦးအား တစ်လ လျှင် ဆန် ၅ ပြည် နို့ဆီဗူး ၄ ဗူး အပြင် ဆီ၊ ဆား၊ ပဲ၊ အာဟာရ တို့အတွက် ကျပ်ငွေ ၆၀၀၀ ကျပ် ထောက်ပံ့ပေး ရာမှ သြဂုတ်လမှစတင်ကာ ထက်ဝက်လျော့ချလိုက်တာဖြစ်ကြောင်း သိရသည်။
မူဆယ်မြို့ရှိ အိမ်ထောင်စု စုစုပေါင်း(၅၁) စုရှိပြီး လူဦးရေ ၂၀၃ ဦး နေထိုင်နေသည့် မူဆယ် KBC IDPs camp မှ ဒုက္ခသည်များကိုလည်း ရိက္ခာများထက်ဝက်ကျော်လျော့ချလိုက်သလို အချို့မှာ ဒီကနေ့အချိန်ထိ သြဂုတ်လ ရိက္ခာအတွက် မရသေးဘူးလို့ စခန်းတာဝန်ခံ ဦးဖော်ရိုးနော်ဒင့်က ပြောသည်။
သြဂုတ်လအတွက် ရိက္ခာအချို့အား စက်တင်ဘာလဆန်းမှ ထုတ်ပေးပြီး ယနေ့အချိန် သြဂုတ်လအတွက် ဆန် ထုတ်မပေးသေးဘူးလို့ ပန်လုံ ဒုက္ခသည်စခန်းတာဝန်ခံ ဦးဇော်ဂွန်း က “WFP က ဆန် ပဲ ဆီ ဆား အာဟာရ ပေါ့ နော် အားလုံးကို လျော့သွားတာ၊ လျော့မယ်ဆိုတာတော့ ကြိုတင်ပြောထားပြီးသား၊ သြဂုတ်လအတွက် ကနေ စပြီး လျော့လိုက်တာ။ ဒါပေမယ့် သြဂုတ်လစာကလည်း မရသေးဘူး။ ဘယ်လို ဖြေရှင်းနေလဲဆိုတော့ ကိုယ့် နည်းကိုယ့်ဟန်နဲ့ ကြံဖန်ပြီးတော့ ရှာစားနေတာပေါ့။ တချို့ကတော့ ထောက်ပံ့နေတာကိုပဲ ချွေတာပြီး စားနေ ကြတယ်၊ တချို့က တော့ ပတ်ဝန်းကျင်မှာ ကောက်စိုက် ကြံခုတ် သွားလုပ်နိုင်တဲ့လူလည်းရှိတယ် မလုပ်နိုင်တဲ့ လူကတော့ ထောက် ပံ့တဲ့ ဟာကိုပဲ မျှော်နေတဲ့လူလည်းရှိတာပေါ့။” ဟု ပြောသည်။
ပန်လုံ စစ်ရှောင်ဒုက္ခသည်စခန်းတွင် အိမ်ထောင်စု ၁၂၅ စုရှိပြီး လူဦးရေ ၅၇၈ ဦး စခန်းတွင်း ထက်ဝက်ခန့်ရှိ သည့် အသက် ၁၈ နှစ်မှ အသက် ၅၀ အတွင်း ရှိသူအားလုံး ရိက္ခာထက်ဝက်လျော့ခံလိုက်ရခြင်းဖြစ်သည်။
မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ရှိ ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များ၏ စား ဝတ်နေရေးကို ကမ္ဘာ့ စားနပ်ရိက္ခာ အစီ အစဉ် (WFP) ၊ မေတ္တာဖောင်ဒေးရှင်းနှင့် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) တို့မှ အဓိက ကူညီထောက် ပံ့ပေးနေခြင်း ဖြစ်သည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် နမ့်ခမ်းမြို့ရှိ စစ်ဘေးဒုက္ခသည် အများစုသည် ကချင်တိုင်းရင်းသားများ ဖြစ်ကြပြီး ကတော့ကောင်၊ ယန်ဝူး၊ မော်ဆွေ၊ ဒိန်ဂါ၊ ကျမ်းကား၊ စသည့် ရွာ ၅ ရွာမှ စစ်ဘေးရှောင်များဖြစ် ကြသည်။
မြန်မာအစိုးရတပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများ ကြောင့် ၂၀၁၄ ဧပြီလ နှစ်ဆန်းပိုင်းမှ စတင်၍ ယနေ့အချိန်ထိ နေရပ်ရင်း မပြန်ရသေးပဲ ဒုက္ခသည် စခန်းများ တွင် ခိုလှုံနေကြရခြင်းဖြစ်သည်။