ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပူးတွဲအကောင်အထည်ဖော်နိုင်ရေး DPN နှင့် CT ခေါင်းဆောင်များ စည်းဝေး

သတင်းနှင့်မီဒီယာ ကွန်ယက်။
စက်တင်ဘာလ ၁၂ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN နှင့် ဆွေးနွေးညှိနှိုင်းရေး အလုပ်အဖွဲ့ CT အဖွဲ့မှ တိုင်းရင်းသား ခေါင်းဆောင်များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ စက်တင်ဘာ ၁၂ ရက်နေ့တွင် အစည်းအဝေး ကျင်းပနေသည်။

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်ကိုယ်စားလှယ်များနှင့် NCA အပစ်မရပ်ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်ပြီး ပဒိုစောကွယ်ထူးဝင်း မှ သတင်းထောက်များကို အခုလို ပြောဆိုသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဘယ်လိုအကောင်အထည်ဖော်ကြမလဲ တိုင်းရင်းသားဖက်က၊ တစ်ခုထဲကိစ္စတော့ မဟုတ်ပါဘူး၊ နိုင်ငံရေးမူဘောင်ကိစ္စတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုဆက်သွားမလဲ၊ တစ် တချက်ကတော့ အခု ကျနော်တို့ ဆွေးနွေးမှာက လွန်ခဲ့တဲ့ အစည်းအဝေးပွဲတုန်းက ကျနော်တို့ ဆုံးဖြတ်ခဲ့တာ ဘယ်လို အကောင်အထည် ဖော်ခဲ့သလဲ၊ နောက်တခုကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အပြီးမှာ ညီလာခံကို သုံးသပ်ဖို့ပေါ့နော်၊ ညီလာခံပြီးလို့ရှိရင် ကျနော်တို့ လုပ်ငန်းစဉ်တွေ ဘယ်လို ဆက်သွားမလဲဆိုတဲ့ကိစ္စ အဓိက ဒါပါပဲ။ 

အစည်းအဝေးတွင် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ပြန်လည်သုံးသပ်နိုင်ရေး ကိစ္စအပါအဝင် ကချင်ပြည်နယ် မိုင်ဂျာယန်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ခဲ့သောပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖွဲ့စည်းပုံအခြေခံတွင် ပါဝင်ရမည့် အခြေခံမူများ၊ အမျိုးသားကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး မူဝါဒဆိုင်ရာ အခြေခံမူ များ နှင့် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုင်ရာ မူဝါဒတွေကို ဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

နှစ်ရက်ကြာ ကျင်းပမည့် ထိုအစည်းအဝေးကို နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ခူးဦးရယ် ဦးဆောင်၍ အဖွဲ့ဝင် ၁၀ ဦး တက်ရောက်ပြီး ဆွေးနွေးညှိနှိုင်းရေးအလုပ်အဖွဲ့ CT အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း ခေါင်းဆောင်သည့် အဖွဲ့ဝင် ၉  ဦး တက်ရောက်ဆွေးနွေးနေ ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးကို ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် ဇူလိုင်လ ၂၆ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၅ ရက်ကြာ ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များကို ဆက်လက်အကောင်အထည်ဖော်ရန် ၎င်းအလုပ်အဖွဲနှစ်ဖွဲ့ကို ဆက်လက်တာဝန်ပေးအပ်ထားပြီး ယခု တွေ့ဆုံဆွေးနွေးမှုသည် ဒုတိယအကြိမ် ဖြစ်သည်။