မြစ်ဆုံရေကာတာစီမံကိန်း နိုင်ငံတော် အချုပ်အခြာထိခိုက်နိုင်ဟုပြော

သတင်းနှင့်မီဒီယာ ကွန်ရက်။
စက်တင်ဘာလ ၁၈ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ဧရာဝတီ မြစ်ဆုံ ရေကာတာစီမံကိန်းကို တည်ဆောက်မည်ဆိုလျှင် နိုင်ငံတော်အချုပ်အခြာကို ထိခိုက်လာနိုင် သည်ဟု ကချင်ပြည်နယ်ရှိ ဧရာဝတီသွေးချင်းကွန်ယက် က ပြောသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့ လာစိစစ် သုံးသပ်ရေး ကော်မရှင်နှင့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၊ အရပ်ဘက် အဖွဲ့ အစည်းများနှင့်ပါတီများ မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် တွေ့ဆုံရာတွင် တင်ပြ ပြောဆိုခဲ့ သည်။

“ရေကာတာသာဖြစ်ရင် တရုတ်စစ်တပ်လာစောင့်ရမှာ စောင့်ကြည့်တော့မှာ တရုတ်တွေ သိန်းနှင့် ချီ ဝင်လာမှာ ကျနော်တို့ အချုပ်အခြာတည်မြဲရေးလို့ပြောတယ်။ အချုပ်အခြာ အပိုင်းအစ အဲမှာထိ ခိုက်လာမယ် ကျနော်တို့အသိ အဲဒါကိုမြင်တာ အဲတော့ တစ်စိတ်တစ်ဒေသကို တရုတ်ကို ထိုးအပ် လိုက်သလိုပဲ ကျနော်က အဲလိုမြင်တယ်။ ကြည့်လေ ကျနော်တို့မြစ်ကြီးဟာ ပါသွားပြီလေ ဆို တော့ ဘယ်လောက် စိတ်နာစရာကောင်းလဲ။” ဟု လူထုတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဧရာ ဝတီ သွေးချင်းကွန်ယက်အဖွဲ့ မှ ဒေသခံ ကိုယ်စားလှယ်တစ်ဦး မှ ပြောသည်။

နိုင်ငံတော်ကိုဦးစီးဦးဆောင်သူများ၊ နိုင်ငံတော်၏ အချုပ်အခြာကို တည်မြဲချင်သည်ဟု ဆိုသူ များအနေဖြင့် ၎င်းအချက်ကိုလည်း ထည့်သွင်းတွေးတောစဉ်းစားသင့်သည်ဟု မြင်မိကြောင်း အဆိုပါ ကိုယ်စားလှယ် မှ ဆက်ပြောသည်။

ဧရာဝတီမြစ်ဆုံ မြစ်ညာ မြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် အနေဖြင့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းများကြောင့် ဧရာဝတီမြစ်နှင့်ဆက်စပ်နေသော သဘာဝ ပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုစသည့် ဘက်ပေါင်းစုံမှ ဖြစ်ပေါ်နိုင်သည့် အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်ပြီး အစီရင်ခံစာတင် သွားမှာဖြစ်သည်ဟု ကော်မရှင် အတွင်းရေးမှူး ဒေါက်တာဝင်းသိမ်းမှ ပြောသည်။

“မိမိတို့ကော်မရှင်ဟာ ဒီစီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် ဂေဟစနစ် အပါအဝင် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးဆိုးကျိုး သက်ရောက်မှုများ စီမံကိန်းများ ဆောင်ရွက်ခြင်းကြောင့် ဧရာဝတီမြစ် ရေရှည်တည်တံ့နိုင်မှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေ အနေ ဧရာဝတီမြစ်ရဲ့ ရေသံယံဇာတများ ပျက်ဆီးဆုံးရှုံးနိုင်မှု အခြေအနေများ စီမံကိန်းများ ဆက် လက် ဆောင်ရွက်ရန် သင့်မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအပေါ် အကျိုးသက်ရောက်နိုင်မှု အခြေအနေ မြန်မာနိုင်ငံ၏ ပြည်ပ ရင်းနှီးမြုပ်နှံမှုကြောင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းရေး ညှိနှိုင်း ဆောင်ရွက် နိုင်မည့် နည်းလမ်းများ ဒေသခံပြည်သူများနှင့် လူမှုအဖွဲ့အစည်းများ၏ ခံစားချက်များ နှင့် သဘောထားအမြင်များ စသည်တို့ကို ထည့်သွင်းစဉ်းစားမည့် လေ့လာစီစစ် သုံးသပ်မည့် ပထ မ အစီရင်ခံ စာကို နိုင်ငံတော် သမ္မတထံသို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့မှ အစီရင်ခံ တင်ပြသွားရမည် ဖြစ်ပါသည်။” ဟု ဒေါက်တာ ဝင်းသိမ်း မှပြောသည်။

ကော်မရှင်အနေဖြင့် ပထမအစီရင်ခံစာ မတင်သွင်းမီ လိုအပ်လာပါက နိုင်ငံတော်သမ္မတထံ ကြားဖြတ် အစီရင်ခံစာ တင်ပြနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဟု ကော်မရှင်က ဆိုသည်။

ထို့အပြင် မေခနှင့်မလိခမြစ်ရှိ ရေကာတာ ၆ ခု နှင့် မြစ်ဆုံပေါ်မှာ တည်ဆောက်မည့် ရေကာတာ ၁ ခု စုစုပေါင်း ရေကာတာ ၇ ခု ကို လုံးဝကန့်ကွက်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ မှ ပြောသည်။

ကချင်ပြည်သူများ၏ အခက်အခဲများကို အမှန်တကယ် ဖြေရှင်းပေးနိုင်မည်ဟု ယုံကြည်ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ ဗဟိုကော်မတီဝင် ဦးချစ်လှိုင် မှ ယခုလိုပြောသည်။

“အထူးသဖြင့် ကချင်ပြည်နယ် လူထုကြီးဟာ နေ့တိုင်းရင်ထဲမှာ ပူနေရပါတယ် ရင်ထဲကအပူကို ဘယ်သူမှ လာပြီးငြိမ်းပါ့မလဲလို့ ကျနော်တို့ မျှော်နေတာကြာပါပြီ အခုကော်မရှင်အဖွဲ့ဝင်များ ကျနော်တို့ ကချင်ပြည်နယ် လူထုကြီး တစ်ရပ်လုံးရဲ့ ရင်ထဲက အပူကို တကယ်အေးချမ်းအောင် လုပ်ပေးနိုင်မယ်ဆိုတာ ကျနော်တို့ ယုံကြည်လိုက်ပါတယ်။” ဟု ဦးချစ်လှိုင်မှ ပြောသည်။

တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများ နှင့် အရပ်ဖက်အဖွဲ့အစည်းမှ ကိုယ်စားလှယ် ၁၄ ဦး မှ မြစ်ဆုံစီမံကိန်းကို ကန့်ကွက်ကြောင်း တင်ပြခဲ့ကြသည်။

ဧရာဝတီမြစ်ဆုံမြစ်ညာမြစ်ဝှမ်း၊ ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့သည် စက်တင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ လေးရက်ကြာ ခရီးစဉ်အတွင်း ဧရာဝတီ မြစ်ဆုံဒေသနှင့် စီမံကိန်းဧရိယာ၊ စီမံကိန်းကြောင့် ပြောင်းရွေ့ခံထားရသော အောင်မြင်သာ စံပြကျေးရွာနှင့် မလိယန်ကျေးရွာများသို့ သွားရောက် လေ့လာခဲ့ကြသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်သော ကော်မရှင်အဖွဲ့နှင့် လူထုတွေ့ဆုံ ပွဲကို မနက် ၉ နာရီမှ ၁၂ နာရီအထိ ပြုလုပ်ခဲ့ပြီး လူဦးရေ ၆၀၀ ကျော်တက်ရောက်ခဲ့သည်။