ချီဖွေ KBC စစ်ရှောင်ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်

သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၉  ရက်၊ ၂၀၀၁၆ ခုနှစ်။

ကချင်ပြည်နယ် မြောက်ပိုင်းရှိ ချီဖွေ KBC စစ်ရှောင်စခန်းတွင် စစ်ရှောင်များ၏ စားဝတ်နေရေးအပြင် ပညာရေး၊ ကျန်းမာရေး အကူအညီများ အထူးလိုအပ်နေသည်ဟု သိရသည်။

“စစ်ရှောင်စခန်းမှာတော့ ဆန်လိုတယ် နောက်ပြီးမှ ဟင်းဖိုးလိုတယ်၊ ဆပ်ပြာလိုတယ် နောက်ပြီး
မှကျောင်းသားတွေ ကစာအုပ် ဘာညာပေါ့ အဲဒါမျိုးကလိုတယ် နောက်ပြီးမှ ကျန်းမာရေး မကောင်း တဲ့သူလည်း ဆေးကုတာ အဲဒါ ဆေးလိုတယ် အခုလည်းဆေး မရှိတော့ဘူး အဲလိုဖြစ်တယ်နောက်ပြီးမှ
ဟင်းဖိုး မပေးတာနဲ့ဆိုရင်တော့ ဆီ ဘာညာနဲ့ က ဈေးကြီးတာနဲ့က မကိုက်ဘူး သူတို့လာတဲ့အချိန်မှာတော့ ဒီတစ်နှစ်တော့ ဟင်းဖိုးလည်း မလာတော့ဘူး ဆပ်ပြာ လည်း မပေးတော့ဘူး ဆန်တစ်ခုပဲလာပေးတယ်
ပဲလည်း မပေးတော့ဘူး”
ဟု ချီဖွေ KBC စစ်ရှောင်စခန်းမှ စစ်ဘေးရှောင် ဒုက္ခသည် တစ်ဦးဖြစ်သည့် ဒေါ်လွမ်းနှော က ပြောသည်။

ချီဖွေမြို့သည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသောနေရာဖြစ်ပြီး အကူအညီပေးရေးအဖွဲ့များ၊ သတင်း
မီဒီယာများ အရောက်အပေါက်နည်းပြီး အကူအညီများ ရောက်ရှိလာသော်လည်း အလွန်နောက်ကျသည့် အချိန်မှ သာ ရောက်ရှိလာသည်ဟု ဒုက္ခသည်များက ပြောသည်။

ယခင်က စစ်ဘေးရှောင်များအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( WFP ) မှ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အာဟာရတို့ကို
ထောက်ပံ့ပေးထားပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ( KBC ) မှ ဟင်းဖိုး ၆၀၀၀ ကျပ်နှင့် ရှလုံဖောင်ဒေးရှင်းမှ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ပတ်သက်သော အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးထားသည်။

သို့သော် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ( WFP ) မှ စစ်ဘေးရှောင်များအတွက် ရိက္ခာများလျှော့ချလိုက်ခြင်း၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) နှင့်ရှလုံဖောင်ဒေးရှင်းတို့မှ ယခုနှစ်အတွင်းအကူအညီများ ထပ်မံရောက်ရှိလာခြင်း မရှိတော့သည့်အတွက် အလွန်ပင်ခက်ခဲ နေသည်ဟု စစ်ဘေးရှောင်များကဆိုသည်။

စစ်ဘေးရှောင်များအနေဖြင့် လုပ်ကိုင်စားသောက်ဖို့ရန် မြေနေရာခက်ခဲခြင်း၊ နေ့စားအလုပ် လုပ်ကိုင်ဖို့ရန် အလုပ်မရှိခြင်း တို့ကြောင့် စားဝတ်နေရေးအပြင် အခြားသော အကူညီများလိုအပ်နေသည်။

ယခုနှစ်အတွင်း ရိက္ခာ ရရှိသည့်အခြအနေနှင့် ပတ်သက်၍ “WFP ကတော့ ဆန်ပေးတယ် ဆီရယ် ဆားရယ် ပဲရယ်ပေါ့နော အဲလိုပေးနေတာ အရင်တုန်းကဆိုတော့ ရာခိုင်နှုန်းအပြည့်ဆိုရင် ၆ ပြည် ၆လုံးပေါ့ အခုက ၈၀ ရာခိုင်နှုန်းလျှော့တယ် ဆိုတာက ၅ ပြည်နဲ့ ၆ လုံးပဲရတယ် ဒီနှစ်ပိုင်းတော့ ၂၀၁၆ နှစ်သစ်ပိုင်းတော့ ဆန်တစ် မျိုးပဲထုတ်ပေးတယ် နောက်ပြီးမှ ကျန်တဲ့အတွက် ကျတော့ ပိုက်ဆံနဲ့ ပြန်ပေးနေတယ်။အခု ၂ လလောက်ရှိသွားပြီ အဲဒါအစားပေါ့နော ဆီရယ် ပဲရယ် ဆားရယ် အဲဒီအစား ပိုက်ဆံကို လူတစ်ဦးလျှင် ၂၅၀၀ စီပေးတယ် ဟင်းဖိုးသက်သက်တော့ အဲဒါ အရင်နှစ်ကတည်း ကတော့ KBC ကထောက်ပံ့ပေးတယ် အခုတော့ တစ်နှစ်လောက်ရှိသွားပြီ KBC က ထောက်ပံ့မှု မရှိတော့ဘူး။ ဟင်းဖိုး မရတော့ဘူး KBC က ထောက်ပံ့မှု အဲဒါမရတော့ဘူး နောက်ပြီးမှ ရှလုံကလည်း သန့်ရှင်းရေးဖက်က ဆပ်ပြာတွေကူညီ တယ် အဲဒါမျိုးတွေ သွားတိုက်တံတွေ သွားတိုက်ဆေးတွေ အခု အဲဒါတွေ ကူညီတာလည်းမရှိတော့ဘူး။” ဟု ချီဖွေ KBC အမှတ် (၂) စစ်ရှောင် စခန်းတာဝန်ခံ ဦးလဒွမ်ထောခေါင် မှပြောသည်။

စစ်ဘေးရှောင်များ၏ ကျန်းမာရေး ကူညီထောက်ပံမှုများကို HPA ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့ နှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကူညီပေးထားသော်လည်း ယနှစ်အတွင်း ကူညီထောက်ပံ့မှုမရှိတော့သည့်အတွက် စစ်ဘေးရှောင်များအတွက် အလွန်ပင် ခက်ခဲနေသည်ဟု စစ်ဘေးရှောင်များကဆိုသည်။

“ဖျားတဲ့သူလည်း အသကုန်ဖျားတာပဲ ဆေးရုံတက်တဲ့သူလည်း စခန်းကသူတွေက ဆေးရုံတက်ရင် ပိုက်ဆံမပေးရ ဘူးဆိုလည်း ဘာညာ ပေးရတာပဲ သူတို့အလကားပြောတာ ထောက်ခံစာတော့ပေး လိုက်တယ်။ အခုတလောပဲ ဟိုမှာ ဗိုက်သွားခွဲတာလည်း ခြောက်သိန်းကုန်သွားတယ်တဲ့ အဲလိုရှိတယ်။ ချီဖွေဆေးရုံကြီး အဲဒါနဲ့ ကုလို့မရဘူးဆိုလို့ရှိ ရင်တော့ မြစ်ကြီးနားကို ထောက်ခံစာ ပြန်ပေးလိုက်တယ် အဲဒါလည်း ထောက်ခံ စာပေးလိုက်တာတစ်ခုပဲ ကိုယ့်ပိုက် ဆံကိုနဲ့ သွားကုတာ ဟုတ်တယ်။” ဟု စစ်ဘေးရှောင် တစ်ဦးကဆိုသည်။

ချီဖွေ KBC စစ်ဘေးရှောင်စခန်းရှိ ကလေးများ၏ပညာရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ကလေးများ စာသင် ကြားနိုင်ရန် နေရာ ၄ နေရာ ချပေးထားသော်လည်း ကလေးများအတွက် အဝတ်အစားအပြင်၊ စာအုပ်၊ ခဲတံ၊ ပေတံနှင့် အခြား ကျောင်းသုံးပစ္စည်းများလည်းလိုအပ်နေပြီး အထက်တန်းကျောင်းသူ/သားများ ငွေ ကြေး အထောက်အပံ့များ လိုအပ်
နေသည်။

ကျောင်းသူ/သားများအနေဖြင့် မူလတန်း အဆင့်ကိုချီဖွေ KBC စစ်ဘေးရှောင်ကျောင်းတွင် သင်ယူကြရပြီး အလယ်တန်းနှင့် အထက်တန်းများကို ချီဖွေ အထကကျောင်းတွင် တက်ရောက်သင် ယူကြရသည်။

ချီဖွေဇုံနယ်အတွင်း KBC မှ ဖွင့်ပေးထားသည့် စစ်ရှောင်စခန်း(၂) ခုရှိပြီး KBC စစ်ဘေးရှောင်စခန်း (၂)တွင် ချီဖွေမြို့နယ် ရှိ ကျေးရွာပေါင်း  ၁၅ ရွာ မှ အိမ်ထောင်စု ၁၀၅ စု နှင့် လူဦးရေ စုစုပေါင်း ၅၁၀ ဦး ရှိသည်။

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA တို့ကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ချီဖွေ KBC စစ်ဘေးရှောင်စခန်း (၂)သည်  ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်စတင်ဖြစ်ပေါ်လာခဲ့သည်။