တအာင်းလူထုအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်တန့်ပေးရန်တောင်းဆို

သတင်းနှင့်မီဒီယာကွန်ယက်။
စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်နယ်အတွင်းက တိုက်ပွဲများကြောင့် တအာင်း ပြည်သူများ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးမျိုး ခံနေရတာကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/SSA) အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်ဆိုင်းဖို့ တအာင်းအရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

တအာင်း(ပလောင်)ပြည်သူများကို တပ်သားသစ်အတင်းအဓမ္မ ကောက်ခံခြင်း၊ မတရားဖမ်းဆီး ထိန်းသိမ်းခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ကိုယ်ထူကိုယ်ထပညာရေးကျောင်းများကို မတရားပိတ်ပင်ခြင်းများကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် – RCSS/SSA ကျူး လွန်နေတာဖြစ်တယ်လို့ တအာင်းအရပ်ဘက် အဖွဲ့အစည်းများက ပြောသည်။

“ဒီကျနော်တို့ ရှမ်းပြည်နယ် တောင်ပိုင်းနယ်မှာ တပ်သားစုဆောင်းတယ်၊ ခြိမ်းခြောက်တယ်၊ နောက်ပြီး
ဘုန်းကြီးတွေ
ကိုလည်း ဖမ်းပြီး ကိုယ်ထူကိုယ်ထကျောင်းတွေ မဖွင့်နိုင်အောင်ပိတ်ပင်တာ၊ အရွယ်ရောက်ပြီး
ကျာင်းတက်နေတဲ့ ကလေးတွေကိုလည်း ဒေသကို ပြန်လာပြီး စစ်မှု ထမ်းဖို့ မပြန်လာရင် သူတို့ရဲ့မိဘတွေကို
ဖမ်း ထိန်းချုပ်ပြီး ပိုင်ဆိုင်မှု
တွေကို သိမ်းမယ်ဆိုတဲ့ ကိစ္စတွေပေါ့ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်း တာတွေပေါ့ ခြိမ်းခြောက်တာပေါ့ အဲ့ဒါတွေဖြစ်နေတယ်။ ရှမ်းမြောက်ပိုင်းမှာလည်း အဲ့လိုပဲ လူထုကခြိမ်းခြောက်မှု အမျိုးမျိုးခံနေရတယ်။” ဟု တအာင်း လူငယ်အဖွဲ့မှ မိုင်းဆါည်ရံက် က ပြောသည်။

ရှမ်းပြည်နယ်အတွင်း တအာင်းလူထုများ ကြုံတွေ့နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ သက်ဆိုင်ရာ အစိုးရတာဝန်ရှိသူတွေအနေဖြင့် တာဝန်ယူဖြေရှင်းပေးတာမျိုးတွေ လုံးဝမရှိဘူးလို့ မိုင်းကိုင်မြို့နယ်၊ တအာင်း(ပလောင်) အမျိုးသား ပါတီ ဥက္ကဌ မိုင်းအောင်ခမ်းက ယခုလိုပြောသည်။

“ဒီတအာင်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ဟာတွေ RCSS  ကိုလည်း ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံချက် စာတွေပေးပို့ခဲ့ပေမယ့် ဆောင်ရွက်ပေးခြင်းမရှိဘူး။ အစိုးရအနေနဲ့လည်း တာဝန်ယူဖြေရှင်းပေးမှု အပိုင်းတွေ
မရှိဘူး။ ရှမ်းမြောက်ရော ရှမ်းတောင်ရော တိုက်ပွဲတွေကြောင့် အခုထိ တအာင်းလူထုက ကြုံနေရတယ်။ ရှမ်းတောင်မှာဆိုရင် ပါတီဆိုင်းဘုတ်တောင် ထောင်ခွင့်မရှိဘူး။”
ဟု မိုင်းအောင်ခမ်းက ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းရှိ RCSS/SSAတပ်များအား အမြန်ဆုံးဆုတ်ခွာပေးရန်၊ အပြစ်မဲ့ ပြည်သူတွေကို နည်းမျိုးစုံဖြင့်
အကြမ်းဖက်ပြီး ဦးတည်တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ပေးရန်နှင့် RCSS/SSA နှင့် TNLA တို့ နှစ်ဖွဲ့ကြား
ဖြစ်ပွားနေသည့် ပစ်ခပ်တိုက်ခိုက်မှုများရပ်တန့်ပြီး နှစ်ဘက် တွေ့ဆုံဆွေး နွေးမှုများ အမြန်ဆုံး ဖော်ဆောင်ပေးရန်
ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတရပ်ပြုလုပ်ပြီး တောင်းဆိုလိုက်သည်။

တအာင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများရဲ့ ပြောဆိုမှုများသည် တဖက်သက်စွပ်စွဲပြောဆိုမှုများသာဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို RCSS/SSA အနေနဲ့ မကျူးလွန်ကြောင်း RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး
စိုင်းမိန်းက ယခုလိုပြောသည်။

“ကျနော်တို့ကတော့ ကြိုးစားပြီးဆွေးနွေးတာပေါ့နော်၊ ဒီလိုမျိုးတဖက်သက် မီဒီယာနဲ့တိုက်ခိုက်တာ၊
ထုတ်ပြန်ချက်တွေထုတ်နေတာ မဟုတ်မမှန်တာတွေကို ပြောနေတာဟာ ကျနော်တို့ ပြဿနာကို ချုပ်ငြိမ်းနိုင်
မှာမဟုတ်ဘူးလို့ မြင်တာပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီဒေသအတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်တာတို့ ဘာတွေတို့ဆိုတာ မီဒီယာတွေအနေနဲ့လည်း သွားပြီးလေ့လာလို့ ရတယ်၊ လူထုနဲ့လည်းတွေ့လို့ရတယ်၊ ကျနော်တို့ကတော့ ကျနော်တို့ ရှမ်းပြည်သားတွေပဲ လူ့ အခွင့်အရေးချိုးဖောက်မှုတွေ ဘာလို့လုပ်ဖို့လိုသလဲ ဟုတ်တယ်မှတ်လား၊ ကျနော်တု့ိဆီကိုစေတနာရှိလို့ စစ်မှုထမ်းဖို့
လာရင်တော့လက်ခံတယ်၊ စစ်သားသစ်စု
ဆောင်းတာတို့ကတော့ ကျနော်တို့ဆီမှာမရှိပါဘူး။ ဒီပြဿနာတွေအတွက် အဓိကတွေ့ဆုံဖို့ပဲပေါ့နော်။”
ဟု RCSS/SSA ပြောခွင့်ရ ဒု-ဗိုလ်မှူးကြီး စိုင်းမိန်း ကပြော သည်။

တအာင်းကျောင်းသားနှင့်လူငယ်များ အစည်းအရုံး၊ တအာင်းအမျိုးသမီး အဖွဲ့ နှင့် တအာင်းအမျိုး သားပါတီတို့ ပူးပေါင်းက တအာင်းလူထု ကြုံတွေ့ခံစားနေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ နှင့် ပတ်သက်၍ အများပြည်သူသိရှိနိုင်ရန် ရန်ကုန်
မြို့ထိ သွားရောက် သတင်းစာရှင်းလင်းပွဲပြု လုပ်ပြီး တောင်းဆိုရတာဖြစ်တယ်လို့ တာဝန်ရှိသူများက ပြောသည်။

အဆိုပါသတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး  “ရှမ်းပြည် နယ်အတွင်း တအာင်းမိ ဘပြည်သူများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းအပေါ်တအာင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်” တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။