မြစ်ကြီးနားတွင် ထိုးစစ်ဆန့်ကျင်ရေး လူထု ဆန္ဒထုတ်ဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်
အောက်တိုဘာ ၃ ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ညံ့ဖျင်းသော ဗဟိုထိန်းချုပ်မှုကြောင့် ဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်သည့်
ကချင်ဒေသအတွင်း တပ်မတော်၏ ထိုးစစ်များရပ်ဆိုင်း ရန် လူထုဆန္ဒထုတ်ဖော်ခြင်း အခမ်းအနားတွင်
ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသအသီးသီးတွေမှာ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ အပြင် လူမှုရေးဆိုးကျိုးပြသာနာများသည် ညံ့ဖျင်းသော ဗဟိုထိန်းချုပ်မှုကြောင့် ဖြစ်ပွားရသည်ကို လေ့လာတွေ့
ရှိရကြောင်း ကချင်ဒေသအတွင်း တပ်မတော်၏ ထိုးစစ်များရပ်ဆိုင်းရန် လူထုဆန္ဒ ထုတ်ဖော်ခြင်း အခမ်း အနား ဖြစ်မြောက်ရေး ကော်မတီဝင်တစ် ဦးဖြစ်သူ ကိုစတီဗင်နော်အောင် မှ ပြောသည်။

“ဗဟို ထိန်းချုပ်မှုစနစ်အောက်မှာ စည်းစနစ်မကျတဲ့ ပရမ်းပတာ အုပ်ချုပ်တဲ့ စည်းမဲ့ကမ်းမဲ့ အုပ်ချုပ်
တဲ့အောက်မှာ သဘာဝသယံဇာတ ထုတ်ယူသုံးစွဲခြင်း အကြီးစားစီမံကိန်း အကောင်အထည်ဖော်ခြင်း အားလုံးစည်းစနစ်မကျတဲ့
ဗဟိုထိန်း ချုပ်မှုအောက်ကြောင့် ကျနော်တို့ရဲ့ မလိုလားအပ်တဲ့ ကျနော်တို့ရဲ့
လက်နက်ကိုင် ပဋိပက္ခပြဿနာ လူမှုရေးဆိုးကျိုးပြသာနာ ဒီကနေ့လိုဖြစ်တဲ့ မှုယစ်ဆေးဝါးပြသာနာ
ကအစ စစ်ရှောင်ပြဿနာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ပြဿနာတွေ မြောက်များစွာ ဖြစ်တာဟာ
ဒါဟာ ညံ့ဖျင်းတဲ့ ဗဟိုထိန်းချုပ်မှုကြောင့် ဖြစ်တယ်
ဆိုတာ ကျနော်တို့ လေ့လာတွေ့ရှိရတယ်။”

တပ်မတော်မှ ကချင်ဒေသအတွင်းသို့ ထိုးစစ်ဆင်တိုက်ခိုက်ခြင်းသည် ကချင်ပြည်နယ် အတွင်းရှိ သဘာဝသယံ
ဇာတများနှင့်လည်း သက်ဆိုင်ကြောင်း၊ ကချင်ပြည်သူများအနေဖြင့် ပြောင်းလဲမှုကို လိုလားသည့်အတွက် အစိုးရ
သစ်ကိုမဲထည့်ခဲ့သော်လည်း မျော်လင့်သလိုဖြစ်မလာသေးပဲ ဗဟိုထိန်းချုပ်မှုသာ ဆက်ရှိနေသေးကြောင်း၊ လူနည်း
စု အခွင့်အရေး လူတစ်စု၏ အကျိုးစီးပွားကို ကာကွယ်ဖို့မြေပြင်လုံခြုံရေးဟု အကြောင်းပြကာ တပ်မတော်မှထိုးစစ် ဆင်ဖြင်း ဖြစ်သည်ဟု လေ့လာတွေ့ရှိရကြောင်း၊ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းကို စစ်ရေး နည်းဖြင့်မဟုတ်ပဲ
နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလို့ရကြောင်း ယခုလိုမျိုး ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုးကို ပြည်သူများအနေဖြင့် လုံးဝမလို
လားကြောင်း ကိုစတီဗင်နော်အောင်မှ ပြောသည်။

ကချင်ဒေသအတွင်း တပ်မတော်မှ ထိုးစစ်ရပ်ဆိုင်းရန် လူထုဆန္ဒထုတ်ဖော်ခြင်း အခမ်းအနားကို  အောက်တိုဘာလ ၃ ရက်နေ့ မနက် ၈ နာရီမှ ၁၀ ခွဲအချိန်အထိ  ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစောပိုင်းက လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားရာ သက်ဆိုင်ရာမှ ခွင့်မပြုသည့်အတွက် အဆိုပါအစီစဉ်ကို မပြုလုပ်တော့ဘဲ မနောကွင်းအတွင်းသာ စုဝေး ဆန္ဒထုတ်ဖော်ပြီး ဆုတောင်း ခြင်းအစီစဉ်သာ ပြုလုပ်ကြခြင်းဖြစ်သည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝါးရှောင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးမှ လူထုဆန္ဒ ထုတ်ဖော်ပွဲသို့ တက်
ရောက် လာရသည့်အကြောင်း နှင့် ပတ်သက်ပြီး “ဒီစစ်ပွဲဖြစ်တာမကြိုက်လို့ တိုင်းရင်းသားတွေကို ဒီလိုနှိပ်
စက်တယ်
ဘာလဲ  တိုက်ပွဲတွေ အမျိုးမျိုးနဲ့ နှိပ်စက် ပစ်ခတ်တယ်နော အဲဒါ မကြိုက်ဘူး လေယာဉ်ပျံတွေနဲ့ မူးတဲ့ဆေးတွေနဲ့ အဲလိုမျိုး မုတ်ပြီးမှ တိုက်ပွဲလုပ်နေ တယ်လို့ ကြားရတယ်လေ ကျမတို့ နေ့တိုင်းနေ့တိုင်း
ကြားရတယ် လုံးဝမလိုလားလို့ လာတာပါ။”
ဟုပြောသည်။

အခမ်းအနားတွင် ကချင်ဒေသတွင် တပ်မတော်မှ ထိုးစစ်ချက်ချင်းရပ်၊ နိုင်ငံရေးပြဿနာ မပြေ လည်သရွေ့အကြီးစား
စီမံကိန်းများ ရပ်ဆိုင်းရေး၊ ကချင်ပြည်နယ်တွင် ဖက်ဒရယ်စနစ်နှင့် ကိုယ် ပိုင်ပြဌာန်းခွင့်ရရှိရေး၊ စစ်ဘေးရှောင်များ ဂုဏ်သိက္ခရှိစွာ နေရပ်ပြန်နိုင်ရေး၊ တပ်မတော်မှ တိုင်းရင်း ပျို အမျိုးသမီးကောင်းများအား စနစ်တကျ အဓ မ္မပြုကျင့် သတ်ဖြတ်မှုအလိုမရှိ၊ အစရှိသော ဆောင် ပုဒ်များကို ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်ပွဲများ ဖြစ်ပွားပါက ပြည်သူများသာ ဒုက္ခရောက်သည့်အတွက် နှစ်ဖက်တပ်များအနေဖြင့် နားလည်မှု ရယူ ကာ ဖြေလျှော့မှုကိုပြုလုပ်ရမည်ဟု လူထုဆန္ဒထုတ်ဖော်ခြင်း အခမ်းအနားသို့ တက် ရောက်လာသော မြစ်ကြီးနား
မြို့ခံ ကိုဆွတ်ထွယ်ရှောင်မှ သူ့အမြင်ကို ယခုလိုပြောသည်။

“ကျနော်ကချင်ပြည်သားတစ်ယောက်အနေနဲ့ စစ်ဆိုတာ ဘယ်စစ်မှမကောင်းပါဘူး စစ်ဖြစ်ရင် တကယ်
နစ်နာတာက ကျနော်တို့ပြည်သူတွေပဲ အဲဒီတော့ နှစ်ဖက်စလုံးမှာ တင်းမာမှုကို လျှော့ချမှ စစ်တပ်ကလည်း
ဒီ စစ်ထိုးတဲ့အရှိန်ကိုလျှော့
ပြီးမှ ဟိုဖက်ကလည်း ခံစစ်ကိုလျှော့ အဲဒါကြောင့်မို့လို့ နှစ်ဖက်စလုံးဟာ နားလည်
မှုနဲ့လျှော့ပြီးမှ တကယ်ကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းမှသာ ကျနော်တို့ ငြိမ်းချမ်းမှာ ဖြစ်တယ်ဆိုတဲ့ အကြောင်း မြင်မိပါတယ် အဲလိုတွေးမိပါတယ်။”
ဟု ကိုဆွတ်ထွယ်ရှောင်မှပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင် ကျင်းပသည့်၂၁ ရာစုပင်လုံ ညီလာခံပြီးနောက်ပိုင်း ကချင်ပြည် နယ်အတွင်း စက်တင်ဘာလဆန်းမှ စတင်ကာ တိုက်ပွဲများ ပိုမိုပြင်း ထန်လာခဲ့သည်။

ကချင်ဒေသအတွင်း တပ်မတော်မှ ထိုးစစ်ရပ်ဆိုင်းရန် လူထုဆန္ဒထုတ်ဖော်ခြင်း အခမ်းအနားကို အရပ်ဖက်လူမှုအဖွဲ့အ
စည်းများ၊ ကချင်ခရစ်ယာန် ဘာသာရေးအဖွဲ့အစည်းများ၊ ပါတီများ၊ ကချင်အ ဆိုတော်များ နှင့် ဒေသခံလူထု စုစုပေါင်း လူ
ဦးရေ တစ်ထောင်ကျော်တက် ရောက်ခဲ့သည်။

အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း ကချင်ပြည်နယ်အတွင်းထိုးစစ်ဆင်မှုများရပ်တန့်ရေး လမ်း လျှောက်ဆန္ဒ
ထုတ်ဖော်ကြမှာဖြစ်တယ်လို့ သိရသည်။

ကချင်ဒေသ အတွင်း တပ်မတော်၏ ထိုးစစ်များရပ်ဆိုင်းရန် လူထုဆန္ဒထုတ်ဖော်ခြင်း ဆုတောင်းခြင်း အခမ်းအနား ကို မြစ်ကြီးနားမြို့၊ တနိုင်းနှင့်ရန်ကုန်မြို့တို့မှာလည်း တပြိုင်တည်း ကျင်းပခဲ့ ကြသည်ဟု သိရသည်။