တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်တန့်ရေး တနိုင်းဒေသခံများ ဆန္ဒထုတ်ဖော်

သတင်းနှင့် မီဒီယာကွန်ရက်။
အောက်တိုဘာလ ၄ ရက်၊ ၂၀၁၆ ခုနှစ်။

၂၁ ရာစု ပင်လုံညီလာခံ ပထမအကျော့အပြီး အစိုးရတပ်မတော်မှ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ ကချင်ပြည်လွတ်လပ်ရေး KIO ထိန်းချုပ်နေမြေများသို့ အရှိန်အဟုန်မြင့်စွာ ထိုးစစ်ဆင်မှုများအား နိုင်ငံတကာမှ သိရှိပြီး ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးလမ်းစဉ်များအား ကူညီဖော်ဆောင်ပေးနိုင်ရန်အတွက် တနိုင်းမြို့ရှိ ဒေသခံပြည်သူများက လမ်းလျှောက် ဆန္ဒထုတ် ဖော်ခဲ့ကြသည်။

အောက်တိုဘာလ ၃ ရက်နေ့ မနက် ၉ နာရီက တနိုင်းမြို့အတွင်း လှည့်လည်ဆန္ဒထုတ်ဖော်ရခြင်းသည် အစိုးရ တပ်မတော်၏ ထိုးစစ်များရပ်တန့််ပေးရန် တနိုင်းဒေသခံများ စုပေါင်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ရ ခြင်းဖြစ် သည်ဟု တနိုင်းမြို့ ကချင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဌ ဦးအင်ဒိန်ဇော်နော် မှ ပြောသည်။

ကျွန်တော်တို့ ဒီနေ့ စီးတန်းလှည့်လည် ဆန္ဒဖော်ထုတ် အစီအစဉ် လုပ်ရခြင်းဟာ ကျွန်တော်တို့ ကချင်ပြည် နယ်မှာ ၂၁ ပင်လုံညီလာခံ လုပ်နေသ၍မှာဘဲ ဗမာစစ်တပ်က ထိုးစစ်ဆင်လာပြီး ကချင်ပြည်နယ်အနှံ့မှာ တိုက်ပွဲတွေဖြစ်လာပြီး ကျွန်တော်တို့ ဒီစစ်မီးကြီးဟာ ဒီထက်မက ပိုပြီး ပြင်းထန်းလာလို့ရှိရင် ဒီပြည်သူလူထု တွေရော စစ်ပြေးဒုက္ခသည် စစ်ရှောင်ဒုက္ခသည်တွေပါ အတော်များများ ဒုက္ခရောက်နိုင်မယ့် အနေအထားတွေ ရှိပါတယ်။ အခုကျွန်တော်တို့ ဒီစစ်မီးကို ငြိမ်းဖို့အတွက်နဲ့ ကချင်ပြည်နယ်မှာ ကျွန်တော်တို့ရဲ့ ဒီငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ပေးနိုင်ဖို့ အတွက်ကြောင့် ကျွန်တော်တို့ လူစုဝေးပြီးမှ ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါတယ်”

nmg-02

လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတွင် ပြည်သူများက ကချင်ဒေသတွင် တပ်မတော် မှ ထိုးစစ် ချက်ချင်းရပ်၊ စစ်ဘေးရှောင်များ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင်ရေး၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်း ရေး၊ ကချင်ပြည်နယ်တွင် ဖယ်ဒရယ်စနစ် နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ နိုင်ငံပြဿနာ မပြေလည်သရွေ့ အကြီးစား စီးမံကိန်းများ ရပ်ဆိုင်းရေး စသည့် ကြွေးကြော်သံများဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်မှ ထိုးစစ်ဆင်မှုများ အပေါ် ဦးအင်ဒိန်ဇော်နော်က သူ့အမြင်ကို ယခုလိုပြောသည်။

“ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ အစိုးရ စစ်တပ်က ထိုးစစ်လုပ်နေတာကိုကြည့်ရင် ငြိမ်းချမ်းရေးကို လိုလား ပေမယ့် ငြိမ်းချမ်းရေးလမ်းစဉ်အပေါ် မတက်ရောက်နိုင်တာကို မြင်နေပါတယ်။ ပြီးမှ အခုလိုမျိုး ထိုးစစ်ဆင်တဲ့ အနေအထားဟာ ကျွန်တော်တို့ တပ်မတော်ဟာ အာဏာလက်ရှိ ရှိနေတုန်းဘဲဆိုတဲ့ အမြင်ကို ကျွန်တော်မြင် ပါတယ်။”

တနိုင်းမြို့၏ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်း အစီအစဉ်ကို တနိုင်းမြို့ ကချင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့က ဦးဆောင်ပြီး လူမျိုုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ဒေသခံပြည်သူ (၇၀၀) ကျော်တက်ရောက်ခဲ့ပြီး နေ့လည် ၁၁ နာရီ အထိ တနိုင်းမြို့တွင် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အလားတူ မြစ်ကြီးနားမြို့၌လည်း လမ်းလျှောက်ဆန္ဒထုတ်ဖော်ရန် ကြိုးစားခဲ့သော်လည်း ခွင့်မပြုခဲ့သောကြောင့် စီတာပူရှိ မနောကွင်းတွင် စုဝေးခဲ့ကြပြီး ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း အစိုးရတပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ရေး လူထုဆန္ဒထုတ်ဖော်ခြင်း ဆုတောင်းခြင်းများ ပြုလုပ်ခဲ့သည်။