တပ်မတော်မှ ထိုးစစ်ရပ်တန့်ရေး ထိုင်းနိုင်ငံရောက် ကချင်လူမျိုးများ တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၁၀ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ကချင်ဒေသအတွင်း တပ်မတော်မှ ထိုးစစ်ဆင်မှုများ ချက်ချင်း ရပ်တန့်ပေးရန်အတွက် ထိုင်းနိုင်ငံရောက် ကချင်လူမျိုများစုပေါင်းပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့တွင် ယနေ့ နံနက် ၁၀ နာရီက ဆန္ဒပြတောင်းဆိုလှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

အစိုးရတပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA နယ်မြေအား ၂၀၁၁ ခုနှစ် ဇွန်လမှ ထိုးစစ်ဆင် တိုက်ခိုက်လာပြီး ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီးစီးချိန်တွင် ထိုးစစ်ဆင်မှုများ ပိုမို ပြင်းထန်လာသဖြင့် အမြန်ဆုံးရပ်တန့်ပေးရန် လာရောက်တောင်းဆိုခြင်းဖြစ်သည်ဟု ပန်ကချင်အဖွဲ့မှ ဒုတိယအတွင်းရေးမှူးဖြစ်သည့် ဦးဆောင်ပါဝင်သူ ဆရာ ဂျုံဘိုင်း က ပြောသည်။

ဗမာစစ်တပ်ကနေပြီးတော့မှ ပြည်ပအန္တရယ်ကျရောက်စေနိုင်တဲ့ ရန်သူသဘောထားပြီးတော့မှ စစ်လက်နက်ကြီးတွေနဲ့ မက တိုက်လေယာဉ်တွေအများအပြားနဲ့ ဒီလိုမျိုး လာတိုက်တယ်ဆိုတာ ကြားတဲ့အခါမှာ အင်မတန်မှ စိတ်မကောင်းပါဘူး အဲ့ဒါကြောင့် ကျနော်တို့ ဒါကို မလိုလားဘူး ဆိုတဲ့ သဘောတရားကို ထုတ်ဖော်ခြင်းဖြစ်တယ်၊ ပြီးတော့မှ ဒီထက်မှာမက စစ်တိုက်တဲ့အခါမှာ နယ်မြေဆုံးရှုံးမှုတွေ ပျက်စီးမှုတွေဖြစ်တယ်၊ ပြီးတော့ ဗုံးတွေကျဲတဲ့အခါကြတော့ ကလေးသူငယ် တွေလည်း ဒဏ်ရာရတယ် သေတဲ့လူလည်းရှိတယ်၊ အဲ့တော့ ကျနော်တို့ က ဒါကို လုံး၀ စိတ်ဆန္ဒ မရှိဘူး ဒါမျိုးကျနော်တို့ မလိုအပ်ဘူး၊ ငြိမ်းချမ်းစွာနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ရရှိအောင် လိုလား တယ် ဆိုတဲ့အကြောင်းကို ဖော်ပြခြင်းဖြစ်ပါတယ်။

ကချင်ပြည်သူလူထုအနေဖြင့် ၂၁ ပင်လုံညီလာခံ ကျင်းပပြီးနောက်ပိုင်း ထိုးစစ်များရပ်တန့် ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပိုမိုဖြစ်ထွန်းလာမည်ဟု မျှော်လင့်ခဲ့သော်လည်း အထင်နှင့် အမြင် တခြားစီဖြစ်နေပြီး အစိုးရတပ်မတော်၏ ထိုးစစ်ကြောင့် ကချင်ပြည်သူများနှင့် ညီနောင် တိုင်းရင်းသားညီအကိုများ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးပြီး ဒုက္ခသည်ဘဝဖြင့် နေထိုင်နေကြရကြောင်းလည်း ယနေ့ ထုတ်ပြန်သည့် သဘောထား တောင်းဆိုချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထိုအခြေအနေများကြောင့် မြန်မာအစိုးရတပ်မတော်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် တခြားတိုင်းရင်းသား လွတ်မြောက်ရေး တပ်ဖွဲ့များအား ထိုးစစ်ဆင်နေမှုများကို ချက်ချင်း ရပ်တန့်ပေးဖို့ အပါအဝင် တောင်းဆိုချက် ၆ ချက်ကို မြန်မာကောင်စစ်ဝန်ရုံးမှာ လာရောက်တောင်းဆိုခဲ့ကြသည်။

ကျနော်တို့ တောင်းဆိုချက်ကတော့ ၆ ချက်ပေါ့နော် အဲ့ထဲမှာ အဓိက အခု အရေးအကြီးဆုံးကတော့ ၂ ချက်ပေါ့နော်၊ တစ်ချက်ကတော့ ကချင်ပြည်နယ်မှာ ကျနော်တို့ ဒီ အစိုးရစစ်တပ်တွေ မြန်မာအစိုးရစစ်တပ်တွေ ထိုးစစ်ဆင်နေတယ် အဲ့ဒါတွေ အားလုံးကို ချက်ချင်းရပ်တန့်ပေးဖို့ ကျနော်တို့ တောင်းဆိုတယ်၊ ဒုတိယ အချက်တစ်ခုကတော့ ကျနော်တို့ ဒီ အစိုးရစစ်တပ်တွေက ကျနော်တို့ ရွာတွေမှာ လက်နက်ကြီးတွေနဲ့ ထုတယ် ကလေးတွေသေတယ် ဒီ – လအတောအတွင်းမှာပဲ မုန်ဂိုအနီးရှိ ပူဝမ် ရွာပေါ့နော် ကချင်ရွာမှာ သူတို့ လက်နက်ကြီး ပစ်ထည့်လိုက်တော့ ကလေးသုံးယောက်ထိတယ် တယောက်ကတော့ ဆုံးသွားတယ်၊ ၂ ယောက်ကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် အူတွေဘာတွေထွက်သွားတယ်ပေါ့နော် သတင်းမီဒီယာထဲမှာလည်း ရေးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အစိုးရဖက်က တစ်စုံတစ်ရာ အရေးယူပေးမှု မရှိသေးဘူး အဲ့ဒါကြောင့် ဒီနေ့ ထပ်ပြီးမှ ဒါကို တောင်းဆိုတယ်။ ဆိုတော့ ဒီနှစ်ချက်ကို အတွက်ကြောင့်မို့ ကျနော်တို့ ဒီကိုရောက်လာခြင်းဖြစ်တယ်။ ဟု ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သည့် လှုပ်ရှားမှု ကော်မတီဝင် နော်ခမ်း က သတင်းထောက်များကို ပြောသည်။

၎င်းအပြင် ကချင်စစ်ဘေးဒုက္ခသည်များအား ကူညီထောက်ပံ့ပေးနေသည့် စားနပ်ရိက္ခာ ယာဉ်တန်းများအား အစိုးရစစ်တပ်မှ ဟန့်တားခြင်းမပြုရန် နှင့် စစ်ဘေးဒုက္ခသည်များ မိမိ နေရပ်ရင်းကို လုံခြုံစွာ အမြန်ပြန်နိုင်ရေးအတွက် အစိုးရမှ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လည်းတောင်းဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ မှာရောက်ရှိနေကြသည့် ကချင်လူမျိုးများ တောင်းဆိုချက်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ထံ ပေးအပ်ဖို့ ကြိုးစားခဲ့ကြသော်လည်း ကောင်စစ်ဝန်ရုံးမှ လက်ခံရန်ငြင်းဆို ခဲ့သည့်အတွက် သံရုံးရှေ့ရှိ စာတိုက်ပုံးတွင် ထို တောင်းဆိုချက်များကို ထည့်ထားခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း ထိုးစစ်ရပ်တန့်ရန် တောင်းဆိုဆန္ဒထုတ်ဖော်ပွဲကို ထိုင်းနိုင်ငံရောက် ကချင်လူမျိုး ၅၀ ခန့် ပူးပေါင်းပါဝင်ခဲ့ကြပြီး ၎င်းတို့၏ လိုလားချက်များကိုလည်း ကြွေးကြော်ခဲ့ကြသည်။