တပ်မတော်၏ ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေနတ်ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၆ ခုနှစ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၊ ရွှေညောင်ပင်ကျေးရွာအုပ်စု ဘီဘရာရွာရှိ ဒေသခံတစ်ဦး သေနတ်ထိမှန်ပြီး ဒဏ် ရာ ရရှိခဲ့ရာ မြစ်ကြီးနားမြို့ စစ်ဆေးရုံတွေ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရသည်ဟု သိရသည်။

ရွှေညောင်ပင်ကျေးရွာအုပ်စု ဘီဘရာရွာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍ တပ်မတော်မှ ရန်သူရှိသည် အထင်ဖြင့် ပစ်ခတ်ရာမှ မိမိနေအိမ်အတွင်းရှိ ဖခင်ဖြစ်သူ ဦးဇိန်ဟန်ဘောက်အား သေနတ်ကျည် မှန်ခဲ့ရခြင်းဖြစ် ကြောင်း ဖြစ်စဉ်တခုလုံးတွင် အတူရှိခဲ့သည့် မျက်မြင်သက်သေ ဦးတန်မိုင် က ပြောသည်။

“သမီးအလတ်မ Birthday(မွေးနေ့) လုပ်ပေးဖို့ ဆွေးနွေးကြမယ်ဆိုပြီး လုပ်နေတာ၊ ဗန်း ဗန်း ဗန်း ဆိုပြီး အသံ ကြားတာနဲ့ အားလုံးဝပ်ဆိုပြီး မီးဖိုထဲမှာ ဝပ်နေတာ၊ အဖေက(ဦးဇိန်ဟန်ဘောက်) က စိတ်ပူပြီး ကလေးတွေကို သွားခေါ်ဆိုပြီးတော့ ကျနော်က ကလေးတွေက သွက်တယ်၊ ပုန်းနေမှာပဲ ဆိုပြီး မခေါ်တော့ဘူး။ ခဏနေကြရင် တော့ သူ့မြေးက ဟိုပြေးဒီပြေးနဲ့ ပြေးလာတော့ သူလည်းစိတ် မချဘူးလေ။ နည်းနည်းလေ အဲမီးဖိုချောင် အထွက် မှာပဲ ထွက်လာတဲ့အချိန်မှာ ကျနော်က မြန်မြန်လာ အဖေ အမြန် ပြန်လာ ဟိုမှာ ဒီလောက်ပစ်နေတဲ့ကြားက ဘာ လို့ပြေးလဲ အဲလိုပြောပြီး ကျနော်က ဆွဲခေါ်ရင်းနဲ့ သူက ငုတ်ပြီးမှ ပြန်တက်လာတဲ့ အခါကျတော့ ဒီမှာထိသွားတာ။ ဆိုင်ကယ်ကိုအရင်ထိပြီး အဖေ့ကိုထိ ပြီး မီးဖို ကိုထိတာ။”

ဦးဇိန်ဟန်ဘောက်၏ ဦးခေါင်းနှင့် လည်ပင်းကို သေနတ်ကျည်မှန်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အနီး အနားရှိ အစိုးရ တပ်မတော်သားများ၏ အကူအညီဖြင့် မြစ်ကြီးနား စစ်ဆေးရုံကို တင်လိုက်ရခြင်း ဖြစ်ကြောင်း ဦးတန်မိုင်က ဆက်ပြောသည်။

“အခုက စစ်တပ်က စစ်ဆေးရုံမှာ မနေ့က ဒီကနေသူတို့က (၃၄၁) ကိုအရင်ခေါ်သွားတာ။ အခုသူတို့က စစ်ဆေးရုံ မှာ သူတို့က ဖုန်းဆက်လို့မရဘူး။ ဆက်ရင်လည်း (၁) မိနစ်ပဲ။ အဲလိုမျိုးကြီး မဆက်ခိုင်းဘူး။ ကျနော်က ပြည်သူ့ ဆေးရုံကို လွဲပေးစေချင်တာပေါ့။ အဝင်က သားသမီးတွေဘဲ ဝင်လို့ရတဲ့ ပုံစံပေါ့။ အခု က ခေါင်းက ထုတ်လို့ရပြီး စကားလည်း ကောင်းကောင်းပြောပြီ။” ဟု ဦးတန်မိုင် က ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ အနီးဝန်းကျင်ရှိ ဒေသခံ များကို မေးမြန်းရာ မိမိတို့အနေဖြင့် အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ မသိကြောင်း မည်သို့မှ မပတ်သက်လို ကြောင်းသာ ပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အတည်ပြုချက် ထပ်မံရယူရန် ရွှေညောင်ပင် အုပ်ချုပ်ရေးရုံးကို သွားရောက်မေးမြန်းရာတွင် တာဝန်ရှိသူများမှ အစည်းအဝေးသွားနေသောကြောင့် အတည်ပြုချက် မရယူနိုင်ခဲ့ပါ။

လွန်ခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲရှိ ပူးဝမ်းကျေးရွာ၌ လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် ကလေးငယ် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၈ ရက်နေ့တွင်လည်း KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ လမိုင်ယာန်ကျေးရွာထဲသို့လည်း လက်နက်ကြီးများ ကျခဲ့သောကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရသည်။

မြန်မာ့တပ်မတော်မှ စစ်အင်အား တိုးချဲ့ဖြည့်တင်းလာသည့်အတွက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) ထိန်းချုပ်နယ်မြေများတွင် စစ်ရေးတင်းမာမှုများ ပိုမိုများလာတာဖြစ်ကြောင်း KIO ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်ပြည်နယ်အတွင်း ၂၁ ရာစု ပင်လုံညီလာခံပြီးနောက်ပိုင်းမှစတင်၍ အစိုးရတပ်မတော်နှင့် KIO/KIA တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် ထိုးစစ်များ တိုက်ပွဲများရပ်တန့်ရေး လူထုဆန္ဒ ထုတ် ဖော်မှုများ ဆက်တိုက်ပြုလုပ်နေကြသည်။