အင်အားတိုးချဲ့လာ၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဟု KIO မှပြော
သတင်းနှင့်မီဒီယာကွန်ရက်။
အောက်တိုဘာလ ၂၁ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
မြန်မာ့တပ်မတော်မှ စစ်အင်းအားတိုးချဲ့ ဖြည့်တင်းလာသည့် အနေအထားကြောင့် ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ကချင်လွတ်လပ်ရေးတပ်မတော် ထိန်းချုပ်သည့် နယ်မြေများတွင် စစ်ရေး တင်းမာမှုများ ပိုမိုရှိလာနေသည် ဟု (KIO/KIA) မှ ပြောသည်။
မြန်မာ့တပ်မတော်မှ စစ်ရှိန်မလျှော့ပဲ စစ်အင်အားထိုးချဲ့ ဖြည့်တင်းလာသည့် အတွက် ယခုထက် တိုက် ပွဲများ ပိုမိုပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည် ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) သတင်းနှင့် ပြန် ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီးနော်ဘူ မှ ပြောသည်။
“ကျနော်တို့ အေအိုင်အေကေအိုင်အိုဌာနချုပ် ဒီလိုင်ဇာပတ်ဝန်းကျင်နှင့် ဒီရှမ်းမြောက်ဒေသမှာ မြန်မာ့ တပ်မတော်ဖက်ကနဲ့ ထိုးစစ်ဆင်နေတဲ့အနေအထားဖြစ်ပါတယ်။ စစ်ရေးအခြေအနေက တင်းမာတယ်လို့ ပြောလို့ရပါတယ်။ နံပါတ်တစ် ဒီလိုင်ဇာပတ်ဝန်းကျင်မှာ စစ်အင်အားတွေ နေ့တိုင်းဆိုသလို ဖြည့်ထားတာ တွေကိုကျနော်တို့ သိရှိရပါတယ်။ ဗန်းမော်ဖက်ကလည်း စစ်ကားတွေလာပြီးမှ ဒေါန့်ဖုန်းယန်တို့ နားလုံ၊ နမ့်ဆန်ယန် အဲဒီတစ်ဝိုက်ထဲမှာရှိတဲ့ သူတို့ စစ်တပ်ထဲမှာစစ်အင်အားတွေဖြည့်ထားတာကိုတွေ့ရပါတယ်။ နောက်ပြီးတော့ ရှမ်းပြည်မြောက်ဖက်မှာလည်းတပ်မဟာ ၆ တပ်မဟာ ၄ နယ်မြေဖက်မှာ သူတို့က အမြဲ တမ်းလှုပ်ရှားပြီးမှ ရင်ဆိုင်တိုက်ပွဲတွေ ခနခနဖြစ်တာကိုကျနော်တို့ တွေ့ရပါတယ်။ ဒါကြောင့် ဒီ နှစ်နေရာ က စစ်ရေးအခြေအနေကတော့ အခုကတင်းမာနေတဲ့ အခြေအနေ ဖြစ်တယ်လို့ ကျနော်ပြောခြင်းဖြစ်ပါ တယ်။” ဟု ဒု-ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။
မြန်မာ့တပ်မတော်ဖက် မှ စုပေါင်းတပ်မ တပ်ရင်းပုံစံဖြင့် တပ်အင်အား ဖြည့်တင်းလာသည့် အတွက် မည်သည့် တပ်မ၊ တပ်ရင်း ဖြစ်သည်ကို အတိအကျမသိရဟု (KIO/KIA) မှ ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ကျောင်းသား တပ်မတော် (မြောက်ပိုင်း) တပ်စခန်းများသို့လည်း မြန်မာ့တပ်မတော်ဖက်မှ လက်နက်ကြီးများဖြင့် ပစ် ခတ်မှုရှိသည် ဟု ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ဥက္ကဋ္ဌ ဗိုလ်မှူး လဆိုင်း က ပြောဆိုသည်။
မိမိတို့၏ တပ်စခန်းများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်လာသည့်အပေါ် ပြန်လည်တုန့်ပြန်မှု တစ်စုံ တစ်ရာမပြုပဲ မည်ကဲ့သို့ ဖြစ်လာမည်သည်ကိုသာ စောင့်ကြည်နေသည် ဟု ဗိုလ်မှူးလဆိုင်း မှ ပြော သည်။
ကချင်ပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသအသီးသီးတွင် ဖြစ်ပွားလျက်ရှိသောတိုက်ပွဲများ ရပ်တန့် ရန် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှု့အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည် ပ နိုင်ငံအသီးသီးမှ မြန်မာတိုင်းရင်းသားများ မှ ဆန္ဒထုတ်ဖော် တောင်းဆိုမှုများရှိသော်လည်း တိုက်ပွဲ များ ရပ်တန့်သွားခြင်းမရှိပဲ ပိုမိုဖြစ်ပွားလျက် ရှိသည်။
မူလတွင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ UPDJC အစည်း အဝေးများသို့ ညီ ညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) မှ ဖွဲ့စည်းထားသည့် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ DPN အဖွဲ့ခေါင်းဆောင်များမှ အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
သို့သော် UPDJC အစည်းအဝေး သို့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ DPN အဖွဲ့မှ တက် ရောက်လာခြင်းမရှိသည့် နောက်ပိုင်း တိုက်ပွဲများ ပိုမိုဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟု လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) မှ ဥက္ကဌ ဦးရွှေမင်း မှ သူ့အမြင်ကို ယခုလို ပြောသည်။
“ကျနော်တို့ ပထမဆို တော်တော်ဝမ်းသာပါတယ် ကျနော်တို့ DPN အဖွဲ့တွေပေါ့နော်၊ အခုလက်မှတ် မ ရေး ထိုးရသေးတဲ့ အဖွဲ့တွေ ပါလာတော့ ကျနော်တို့ တော်တော် ဝမ်းသာပါတယ်။ KIA ကဆိုကျနော်တို့ ဗိုလ်ချုပ်ဂွမ်မော်တို့ ပါလာတယ်။ ဦးခူဦးရယ်တို့ ပါလာတယ်။ သိပ်ဝမ်းသာစရာ ကောင်းပါတယ်။ ဒါပေ မယ့် အကြောင်းအရာ တစ်ခုခုကြောင့်ပဲပေါ့ ဘယ်လိုများ ဖြစ်သွားတယ်လို့တော့ ကျနော်တို့ မသိဘူး။ ကျနော်တို့ လွန်ခဲ့တဲ့ ကိုးလပိုင်း ဆယ့်ငါးရက် မှာ ရောက်မလာခဲ့ဘူး။ ရောက်မလာတဲ့ နောက်ပိုင်းမှာ တော့ ကျနော့်အမြင်ကတော့ သေနတ်သံပိုပြီးတော့ ကျယ်လာတယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာ ပိုပြီးတော့ တိုက်ပွဲတွေ ဖြစ်လာတယ်။” ဟု ဦးရွှေမင်း မှ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲ များ အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားလာခဲ့သည်။
KIO/KIA ဌာနချုပ် လိုင်ဇာအနီးရှိ လမိုင်ယာန်ကျေးရွာထဲသို့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် လက် နက်ကြီးများ ကျခဲ့သောကြောင့် ဒေသခံရွာသားများ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု သိရသည်။
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တို့ကြားတိုက်ပွဲများကြောင့် ဒေသခံတိုင်းရင်းသားများအနေဖြင့် စစ်ရှောင်ဘဝသို့ ရောက်ရှိခဲ့ရပြီး စားဝတ်နေရေး ပညာရေး၊ ကျန်း မာရေး အဆင်မပြေမှုများကြောင့် အနာဂတ်ဘဝရပ်တည်နိုင်ရန် ခက်ခဲလာသည် ဟု စစ်ရှောင်များ က ပြောသည်။
အစိုးရ တပ်မတော် မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် လုပ်ရပ်များသည် “စစ်မှန် သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ် ပေါ်ထွန်းရေးကို ဖျက်ဆီးနေခြင်း” နှင့် “ပြည်တွင်း စစ်မီးကို ပိုမို ကြီးထွား ပြန့်နှံ့လာအောင် လုပ်ဆောင်နေခြင်း” ဖြစ်ကြောင်း KIO ဗဟိုကော်မတီ က အောက်တိုဘာ (၈) ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။