ချီဖွေပြည်သူ့ဆေးရုံတွင် ကုသရန်ဆေးဝါးများ လိုအပ်နေ
သတင်းနှင့်မီဒီယာကွန်ရက်။
အောက်တိုဘာလ ၁၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။
ကချင်ပြည်နယ် မြောက်ပိုင်း ချီဖွေမြို့ရှိ ပြည်သူ့ဆေးရုံတွင်ဆေးဝါးများအထူးလိုအပ်နေ သည်ဟု သိရသည်။
ချီဖွေပြည်သူ့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျှော၊ အအေးမိ၊ ချောင်းဆိုး၊ တုတ်ကွေး၊ ပန်းနာရင် ကြပ်၊ အရေပြားရောဂါ အစရှိသည့်ရောဂါများ အဖြစ်များသည့်အတွက် ၎င်းရောဂါများနှင့် သက်ဆိုင်သည့် ဆေးဝါးများ အထူးလိုအပ်နေခြင်းဖြစ်သည်။
“ဘယ်လိုဆေးဝါးလိုအပ်လဲဆိုတော့ ဒီမှာကျတော့ မြို့နဲ့လည်း မြစ်ကြီးနားမြို့နဲ့ပေါ့နော် အရမ်း ဝေးတဲ့အခါကျတော့ ဆေးဝါးတွေကတော့ လိုအပ်တာတော့အမှန်ပဲ နှာစေး၊ ချောင်းဆိုး ဖြစ်တာ တွေကအစ ရင်ကြပ်တာတွေက အစပေါ့နော ကလေးတွေ အတွက်ဆိုတော့ တော်တော်လေး လိုအပ်တယ်ရှင့်။ ကလေးတွေက များသောအားဖြင့် သူက IDPs လေ၊ Refugee Camp လည်း ရှိတော့လေ အများဆုံးလာဖြစ်တယ် ဆေးရုံကို” ဟု ချီဖွေပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်အိအိဖြူ မှ ပြောသည်။
အလားတူ မွေးလူနာများနှင့်သက်ဆိုင်သည့် ဆေးဝါးများလည်း လိုအပ်လျက်ရှိသည် ဟု သိရ သည်။
ချီဖွေပြည်သူ့ဆေးရုံတွင် လတ်တလော အနေအထားအရ လူနာများအား ခွဲစိတ် ကုသရန် ပစ္စည်းကိရိယာ အစုံအလင်မရှိသောကြောင့် အဆင်မပြေသည့်အတွက် ခွဲစိတ်ကုသရမည့် လူနာများကို မြစ်ကြီးနားဆေးရုံကြီး သို့ သွား ရောက်ခွဲစိတ်ကုသ နေရသည်ဟု သိရသည်။
မိမိအနေဖြင့် ဧပြီလအတွင်းမှ ချီဖွေပြည်သူ့ဆေးရုံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ယခင်နှစ်တွင် ဆေးဝါးလုံလောက်မှု ရှိမရှိ မသိရသလို မည့်သိုဖြေရှင်းကြကြောင်း အခြေအနေကို မသိရှိရ သော်လည်း ယခုနှစ်အတွင်း ဆေးဝါးလုံလောက်မှု မရှိကြောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန မှ ဆေးဝါးထောက်ပံ့မှုအခြေအနေများ မည်သို့ လုပ်ဆောင်ပေးနေသည်ကိုလည်း မိမိ အနေ ဖြင့် အတိအကျ မသိရကြောင်း ဒေါ်အိအိဖြူမှ ဆက်ပြောပြသည်။
ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ဆေးဝါးထောက်ပံ့မှုအခြေအနေ မည်ကဲ့သို့ရှိသည်ကို သိရှိ နိုင်ရန် တာဝန်ခံ ဆရာဝန်အား မေးမြန်းရန် ကြိုးစားခဲ့သော်လည်း တာဝန်ခံ ဆရာဝန်မှာ ချီဖွေ မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကာကွယ်ဆေးသွားရောက် တိုက်ကြွေးနေသည့် အတွက် အခြေအနေအကြောင်းစုံကို မေးမြန်းခွင့်မရခဲ့ပေ။
ဆေးရုံတွင် ဆေးဝါးများ မလုံလောက်မှုကြောင့် ဆေးရုံသို့လာရောက် ကုသသော လူနာများ အနေဖြင့် ပြင်ပဆေးဆိုင်များတွင်သာ ဆေးဝါးများ ဝယ်ယူကာ ကုသနေရသည့်အတွက် မိမိတို့ အနေဖြင့် အလွန်ခက်ခဲနေသည်ဟု ဒေသခံများ က ပြောသည်။
“တစ်ရက်ကျမတူလေး နေမကောင်းလို့ ဆေးရုံသွားလိုက်တဲ့အချိန်မှာ တူလေးက ဝမ်းပျက်ဝမ်း လျှောဖြစ်ပြီးမှ အန်လည်းအန်တယ် အဲဒီအချိန်မှာ ဆရာမတို့ကို နေမကောင်းတဲ့ အကြောင်း ပြောပြတဲ့ အချိန်မှာ ဆရာမက ဆေးဝါးမရှိဘူး ကလေးအတွက် သောက်ဆေးမရှိဘူးလို့ ကျမကို ပြောခဲ့ပါတယ်။ နောက်ပြီးမှ ကျမကို အပြင်မှာသွားဝယ်ပါဆိုပြီး မှ ကျမကို ပြောပြီးမှ လွှတ်လိုက် ပါတယ်။ ဆေးမရှိဘူးဆိုတော့ ကလေးဝမ်းပျက်ဝမ်းလျှောက အရေးကြီးတဲ့အချိန်မှာ ဆေးတစ် မျိုးတောင် မရှိဘူးဆိုတော့ အဲဒီချိန်မှာ ကျမစိတ်ထဲမှာကျတော့ တော်တော်လေး ခံစားမိပါ တယ်။ ဘာကြောင့်လဲဆိုတော့ မြို့နယ်တစ်ခုဆိုတော့ ကလေးလူကြီး လူငယ် ဆေးရှိမယ် ဆိုပြီး မှ ကျမအားကိုးတကြီးနဲ့ ရောက်ခဲ့တာ၊ အဲဒီချိန်မှာ ဆရာမက ဒီလိုပြောခဲ့တဲ့အချိန်မှာ ကျမစိတ် ထဲမှာ မြို့နယ် ရွာတိုင်းပေါ့နော ရွာကလာတဲ့လူ တိုင်း ဒီလိုပဲ ခံစားရမှာပဲ။”ဟု ချီဖွေမြို့ ဒေသခံ တစ်ဦး က ပြောသည်။
ယခင်အချိန်များတွင် ချီဖွေပြည်သူ့ဆေးရုံ မှ ဆေးဝါးများကို ဆေးရုံတွင် အသုံးမပြုပဲ ဆေးရုံရှိ ဝန်ထမ်းအချို့မှ ကိုယ်ပိုင် ဆေးဆိုင်ဖွင့်ကာ ဆေးဝါးများကို ဒေသခံများအား ပြန်လည် ရောင်း ချခဲ့သည့် ဖြစ်စဉ်များရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
ချီဖွေမြို့သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်မြို့တစ်မြို့ဖြစ်ပြီး ဆေးရုံဝန်ထမ်းမလုံ လောက်မှု၊ ဆေးဝါးမလုံလောက်မှု၊ ဆေးကုသရန် ခွဲစိတ်ရန် ပစ္စည်းကိရိယာ မလုံလောက်မှုတို့ ကြောင့် ဒေသခံများသည် မြစ်ကြီးနားမြို့ အထိ လာရောက် ဆေးကုသမှုများကို ပြုလုပ်နေရ သည်ဟု သိရသည်။
ချီဖွေပြည်သူ့ဆေးရုံသည် လူနာကုတင် ၂၅ ကုတင် ဝင်ဆံ့သည့် ဆေးရုံဖြစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုများကို တာဝန်ခံ ဆရာဝန် အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၀ ယောက်ခန့်သာ တာဝန်ထမ်းဆောင် ဝန်ဆောင်မှု ပေးနေသည်။