ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မူဝါဒ ၉ ခု တင်ပြမည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၃၀ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် တိုင်းရင်းသား လူမျိုးများရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) Ethnic Nationalities Affairs Center (Union of Burma) အဖွဲ့မှရေးဆွဲထားသည့် မူဝါဒ ၉ ခုအား ပြည်သူလူထုနှင့် CSOs/CBOs များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များအား ချပြပြီး လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် တင်ပြသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

နိုင်ငံရေးမူဘောင်ရေးဆွဲရာတွင် တိုင်းရင်းသားများနှင့်ကိုက်ညီသည့်မူဝါဒများ ထည့်သွင်းရေးဆွဲနိုင် ရန် မူဝါဒ ၉ ခုအား အဓိက ရေးဆွဲခဲ့ကြသည့် လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်စားလှယ်များ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂ ရက်ကြာအစည်းအဝေးကျင်းပခဲ့ပြီး ယခုလို ဆုံးဖြတ်ခဲ့ ကြခြင်း ဖြစ်သည်။

အောက်တိုဘာလ ၂၉ ရက်နေ့က ကျင်းပ ပြီးစီးသွားသည့် ထိုအစည်းအဝေးတွင် ရေးဆွဲထား သည့် မူဝါဒ ၉ ခုအား ဒေသအလိုက်ဆွေးနွေးရန်ရှိသည့် အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲများနှင့် နေပြည်တော်အဆင့် ကဏ္ဍအလိုက်ဆွေးနွေးမှုများတွင် ထည့်သွင်းဆွေးနွေးနိုင်ရေး ကြိုးစား သွားရန် နှင့် အားလုံးလက်ခံနိုင်သည်အထိ လုပ်ဆောင်သွားကြရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

“ပြုစုထားတဲ့ ဒီ Policy ရည်ရွယ်ချက်ကတော့ ကျနော်တို့ အာဏာ ခွဲဝေမှု နော် ဘယ်မူဝါဒ ပဲကြည့်ကြည့် ပညာရေးပဲကြည့်ကြည့် ကျန်းမာရေးပဲ ကြည့်ကြည့် ကျနော်တို့ တကယ့် ဖက်ဒ ရယ်ပြည်ထောင်စု ဖြစ်လာမယ်ဆိုရင်တော့ အဲ့ဒီ မူဝါဒ တွေ ကျနော်တို့ အာဏာ ခွဲဝေမှုပေါ့။ ဒီ ဖက်ဒရယ် ပြည်ထောင်စု အဆင့်တိုင်း ကျနော်တို့ရဲ့ ပြည်နယ်အဆင့်ပေါ့ ဘယ်လိုအာဏာခွဲဝေမှု ပြုလုပ်ရမလဲဆိုတာ အဲ့ဒီ ပေါ်လစီကို ကျနော်တို့ ရေးထားတာ” ဟု ENAC အဖွဲ့မှ Deputy Executive Director Dr.Pon Nya Mon မှ ပြောသည်။ “ဘာဖြစ်လဲဆိုတော့ တိုင်းရင်း သား တွေက ကျနော်တို့ ဖက်ဒရယ်ယူနီယမ် ကိုတောင်းဆိုတယ်လေ ဖက်ဒရယ်ယူနီယမ်ဆိုတာ ဒါကတော့ ဘယ်လိုလဲဆို အာဏာခွဲဝေမှုပဲ အာဏာခွဲဝေမှုဆိုတာ အစစအရာရာကို ခွဲဝေရမယ် ပညာရေးရော ကျန်းမာရေးရော စီးပွားရေးရော အကုန်လုံးပေါ့ နော် ကျနော်တို့ အဲ့ဒါကို ပြင်ဆင် ထားတာ။”

အစည်းအဝေးတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များမှ လက်ရှိ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အခြေအနေများဆွေးနွေးခဲ့ပြီး၊ ENAC အဖွဲ့မှလည်း လက်ရှိ အကောင်အထည် ဖော်နေသည့် မူဝါဒလုပ်ငန်းစဉ်နှင့် အနာဂတ် စီမံချက်များအား ဆွေးနွေးခဲ့သည်ဟု သိရသည်။

တဆက်တည်းမှာပင် အရပ်ဖက် လူမှုအခြေပြုအဖွဲ့အစည်းများမှ တက်ရောက်လာသည့် ကိုယ်စားလှယ်များမှလည်း ရေးဆွဲထားသည့် မူဝါဒ ၉ ခု အား ပြင်ဆင်ဖြည့်စွတ်ရန်လိုအပ်သည့် အချက်အလက်များဆွေးနွေးခဲ့ကြပြီး အမျိုးသမီးနှင့်ကလေးငယ်များဆိုင်ရာမူဝါဒအသစ်တစ်ခု ထပ်မံရေးဆွဲရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

အစည်းအဝေးတွင် လူမှုအခြေပြုအဖွဲ့အစည်းများထဲမှ ပညာရေးနဲ့ပတ်သက်ပြီး ကိုယ်စား တက်ရောက်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ပညာရေး ကွန်ယက် NNER ဥက္ကဌ ဒေါက်တာ သိန်းလွင် မှ ဒီမူဝါဒများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် သက်ဆိုင်သူများအားလုံး ထည့်သွင်းစဉ်းစား သင့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားသင့်ကြောင်း ပြောဆိုသည်။

“အရေးကြီးတယ် ဒီ ပေါ်လစီမှာပါဝင်တာက ဒီ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေပါတယ်၊ နောက် တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေပါတယ်၊ အရပ်ဖက် အဖွဲ့အစည်းတွေ ကဏ္ဍစုံက ပါဝင်တယ် ဆိုတော့ ဒီ ပေါ်လစီ က ဒီ တိုင်းရင်းသား အဖွဲ့အစည်းတွေရော အရပ်ဖက် အဖွဲ့အစည်းတွေရော ကိုယ်စားပြုထားတဲ့ မူဝါဒ ဖြစ်တယ် ဒီ ပေါ်လစီရဲ့ ရည်ရွယ်ချက်ကလည်း ကျနော်တို့ နိုင်ငံမှာ ဒီ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ဖို့ ရည်မှန်းချက်နဲ့ ရေးဆွဲထားတဲ့ မူဝါဒတွေဖြစ်တဲ့အတွက် ဒါ ကျနော်တို့ နိုင်ငံ ထူထောင် တဲ့ ကိစ္စမှာ အရေးကြီးတဲ့ မူဝါဒတွေ ဖြစ်ပါတယ်။”

ရေးဆွဲထားသည့် မူဝါဒ မူကြမ်းများသည် ကျန်းမာရေး မူဝါဒများ၊ ပညာရေး မူဝါဒများ၊ မြေယာ မူဝါဒများ၊ သဘာ၀ သယံဇာတဆိုင်ရာ မူဝါဒများ၊ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများ၊ ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒုက္ခသည်များ ဆိုင်ရာ မူဝါဒများ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီဆိုင်ရာ မူဝါဒများ၊ အခွန်ကောက်ခံခြင်းဆိုင်ရာ မူဝါဒများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ မူဝါဒများ ဖြစ်သည်။

ထိုမူဝါဒများသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံသို့ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အရပ်ဖက် လူ့အဖွဲ့အစည်းများအကြား မူဝါဒဆိုင်ရာ တူညီသော ဘုံနားလည်မှုများ ရရှိရန်အတွက် တိုင်းရင်းသား လူမျိုးများ ရေးရာစင်တာ (ပြည်ထောင်စု မြန်မာနိုင်ငံ) ENAC အဖွဲ့မှ ၂ နှစ်အတွင်း ပြုစုထားသည့် မူဝါဒများဖြစ်သည်။