မူးယစ်ဆေးဝါးရောင်းဝယ်မှုအား တပ်မတော်မှ မှီခိုနေဟု LNDO ထုတ်ပြန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
အောက်တိုဘာလ ၃၀ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ရှမ်းပြည်အရှေ့ပိုင်းရှိ မြို့နယ် ၈ မြို့နယ်တွင် ဘိန်းစိုက်ပျိုးမှု ပိုမိုများပြားလာနေပြီး ရွှေတြိဂံဒေသမှ မြန်မာ့တပ်မတော်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုအပေါ် မှီခိုနေသည်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ LNDO မှ အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ပြောဆိုလိုက်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့က ထိုင်း မြန်မာနယ်စပ်တစ်နေရာတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မူးယစ်ဆေးမှ အာဏာ ဆိုသည့် ခေါင်းစဉ်ဖြင့် ရွှေတြိဂံတွင် မြန်မာစစ်တပ်ကျင့် သုံးသည့် မူးယစ်ဆေးရောင်းဝယ်မှု ဗျူဟာ အစီရင်ခံစာအား ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

အစီရင်ခံစာတွင် အစိုးရတပ်မတော်မှ ရှမ်းပြည်နယ်အတွင်းသို့ ထိုးစစ်ဆင်မှုများသည် ဘိန်း မှရရှိသည့် အကျိုးအမြတ်တစ်စုံတစ်ရာနှင့် ပတ်သက်နေသည်ဟု လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ LNDO ဒါရိုက်တာ ဂျာဖက် ဂျာဂူ မှ သတင်းထောက်များအား ပြောဆိုသည်။

အထူးသဖြင့် ရွှေတြိဂံမှာပေါ့နော် ပြောင်းလာတဲ့ အရာရှိတိုင်းက သူဌေးဖြစ်တာပဲ၊ ဒါကရလို့သူဌေးဖြစ်တယ်။ ဆိုတော့ ဒီဥစ္စာက တိုက်ရိုက်သူ့ကို ပေးတာတော့ မဟုတ်ဘူးဗျ၊ သူ့ရဲ့ ရဲဘော် များသောအားဖြင့်တော့ တပ်ကြပ်ကြီးပေါ့ သွားပြီးတော့ မူးယစ်ဆေးဝါး လုပ်တဲ့လူဆီကို အလည်သွားတဲ့အခါကြတော့ ဟိုအကြောင်းရှိ ဒီအကြောင်းရှိတယ်ပေါ့ ဒီလိုအကြောင်းပြရင်းနဲ့ သူတို့ ရကြတယ်။

ထိုအချက်အလက်များ ရရှိရန် ရှမ်းပြည်အရှေ့ပိုင်းရှိ မိုင်းပင်းမြို့နယ်၊မိုင်းဆတ်မြို့နယ်၊ မိုင်းတုံမြို့နယ်၊ကျိုင်းတုံမြို့နယ်၊ မိုင်ပန်မြို့နယ်၊တာချီလိတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်နှင့် မိန်းလားမြို့နယ်များရှိ လားဟူကျေးရွာ ၃၃ ရွာများတွင် ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ စစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။

စာမျက်နှာ ၃၇ မျက်နှာပါရှိသည့် ၎င်းအစီရင်ခံစာတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် စစ်ရေးအရှိန်မြင့်တက်လာခြင်း၊ မြန်မာစစ်တပ်တိုးချဲ့မှု၊ ပြည်သူ့စစ်အဖွဲ့ တိုးချဲ့ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုးချဲ့ခြင်း၊ မူးယစ်ဆေးနှင့် တိုက်ပွဲများ အဆက်အစပ် များကို ဖော်ပြထားသည်။

ထို့အပြင် မြန်မာ့စစ်တပ်က မူးယစ်ဆေးရောင်းဝယ်မှုကို မှီခိုနေခြင်း၊ ဘိန်းထွက်ရှိမှုအပေါ် အခွန်ကောက်ခံခြင်း၊ ဘိန်းရောင်းချခြင်းကို ထိန်းချူပ်ရာမှ ရသည့်အမြတ်၊ ဖမ်းမိ မူးယစ်ဆေး များကို ရောင်းရာတွင် ရာခိုင်နှုန်းကောက်ခံခြင်း၊ ဘိန်းချက်စက်ရုံတွင် အရင်းအနှီးစိုက်ခြင်း၊ ထွက်ရှိလာသည့်ပစ္စည်းကိုသယ်ရာတွင် လုံခြုံရေးယူပေးရခြင်း စတာတွေကို လည်း အစီရင်ခံစာမှာ ရေးသားဖော်ပြထားသည်။

ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးနှင့် ဘိန်းစိုက်ပျိုးမှုကျဆင်းရန် အတွက် နိုင်ငံတကာမှ ကူညီ ထောက်ပံ့ နေမှုများသည်လည်း လက်တွေ့တွင် ဒေသခံပြည်သူများအား အကျိုးဖြစ်ထွန်းမှု မရှိပဲ ဖြစ်နေသည်ဟုလည်း ဂျာဖက် ဂျာဂူ မှ ပြောသည်။

မူးယစ်ဆေးဝါးလုပ်လာတာ ကျနော်ထင်တာ နှစ်ပေါင်း ၅၀ မကတော့ဘူး ဆိုတော့ အပြောက မူးယစ်ဆေးဝါး၊ အခု ထောက်ပံ့တဲ့ငွေက တပ်ကိုပဲ ဝင်နေတယ်။ ဝင်တော့ တပ်ဝင်တော့ တပ်ကကျနော်ခုနက ဆိုလိုတာက တကယ့်စိုက်ပျိုးတဲ့လူ တကယ့်မူးယစ်ဆေးလုပ်တဲ့လူ ထောက်ပံ့တာ မရှိသလောက် ဖြစ်နေတယ် အဲ့တော့ မထောက်ပံ့နဲ့ ဒီထောက်ပံ့ခြင်းအားဖြင့် ဒီ လက်နက်ပဲတိုးပြီးတော့ အင်အားပဲတိုးပြီးတော့ တကယ့်ဘိန်းစိုက်တဲ့လူက ပိုဆင်းရဲလို့ ပိုဒုက္ခရောက်ယုံပဲ။

ထို အစီရင်ခံစာထုတ်ပြန်ခဲ့မှုနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများကို ဆက်သွယ်မေးမြန်းရန် ပေးအပ်ထားသည့် တယ်လီဖုန်းများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

လားဟူအမျိုးသား ဖွံ့ဖြိုးရေးအဖွဲ့ LNDO အဖွဲ့သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၁၉၉၇ ခုနှစ်မှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့် တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေး အပါအဝင် လားဟူအရေးနှင့် ဘ၀ တိုးတက်ကောင်းမွန်ရေးအတွက် လှုပ်ရှားဆောင် ရွက်နေသည့် အဖွဲ့အစည်းဖြစ်သည်။