ရှမ်းမြောက် နေရာအများအပြား တပြိုင်တည်း တိုက်ပွဲများ ဖြစ်ကေအိုင်အေ၊ တီအန်အယ်အေ၊ အမ်အန်ဒီအေအေနှင့် အေအေ တပ်ဖွဲ့များနှင့် တပ်မတော်တို့ တိုက်ပွဲဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်၊
၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၀ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်-၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အပါအဝင် ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုး၊ ဖောင်း ဆိုင် ဒေသများတွင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များနှင့် မြန်မာ့ တပ်မတော်တို့အကြား ယနေ့ မနက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ပြည်သူများအပါအဝင် ထိခိုက်ဒဏ်ရာရမှုများ ရှိသည်ဟု သိရသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နဲ့ မြန်မာအစိုးရတပ်မတော်တို့အကြား နိုဝင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်း ၃ နာရီ ကတည်းက စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

“တိုက်ပွဲ အသေးစိတ်တော့ မသိရသေးဘူး။ တိုက်ပွဲတော့ ဖြစ်နေတယ်။ ၁၀၅ မိုင်မှာတော့ ကျွနု်ပ်အဖွဲ့ နဲ့ မြန်မာ့ တပ်မတော်နဲ့ပေါ့နော်။ ဒီ ကြူကုတ်-ပန်ဆိုင်းဖက်တော့ KIA အဖွဲ့တွေနဲ့ ဖြစ်တယ်။ မုန်းကိုး၊ ဖောင်းဆိုင်ဖက်တော့ MNDAA, AA နဲ့ တွဲပြီးတော့ မြန်မာ့ တပ်မတော်နဲ့ ဖြစ်တယ်။ တချို့နေရာမှာက မနက်-၃ နာရီ တချို့နေရာမှာက မနက်-၅ နာရီ၊ မနက်စောစောကတည်းက ဖြစ်နေတာ။” ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

အဆိုပါ တိုက်ပွဲများသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)နှင့် ရခိုင့်တပ်မတော်(AA) တို့နှင့် မြန်မာအစိုးရ တပ်မတော်တို့အကြား ဖြစ်ပွား နေခြင်းဖြစ်သည်ဟု သိရသည်။

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် သေနတ်ဒဏ်ရာထိမှန်ပြီး သေဆုံးသူများ ရှိသလို ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း လက်ရှိအနေအထားအရ မူဆယ်ဆေးရုံကြီးတွင် လူနာများ ဆက်တိုက် သယ်ယူပို့ဆောင်နေကြကြောင်း မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။

“၁၀၅ မိုင်ကတော့ ကျနော်တို့ ဒီသရက်ကွင်းထဲမှာပဲ အဲလို သေနတ်တွေ မှန်လို့ အဲထဲက တစ်ယောက် သေတယ်လို့ ကြားတယ်။ သရက်သီးရောင်းတဲ့ကွင်းမှာလေလက်နက်မှန်လို့ လက်နက်ကြီးမှန် လို့ အဲလိုမျိုးကြားတယ်လေ။ လူတွေထိခိုက် ဒဏ်ရာရမှုရှိနေတယ်၊ များတယ် ထိတာ။ ဆေးရုံကားတွေ တော် တော်များတယ်။ ဆေးရုံကားတွေ ကျနော်တို့ မူဆယ်နဲ့ သွားလိုက် ပြန်လိုက်ကို လေး၊ ငါးခေါက် ရှိပြီ။ ကျနော်ထင် တာတော့ အနည်းဆုံးဆယ်ဂဏန်း လောက်ရှိမယ်ထင်တယ်။ ခန့်မှန်းခြေပေါ့လေ။ သူတို့ ကားတွေ သွားလာနေ တာကိုက ဆေးရုံကားတွေ လူနာတင်ကားတွေ ခနခနသွားလာနေတာလေ နှစ်ခေါက် သုံးခေါက် ၂ စီးလောက် ၃ စီးလောက် အဲလိုမျိုးလေ ၂ ခေါက် ၃ ခေါက်တွေ့တယ်။ ကျနော်တို့ အသီးရောင်းတဲ့ အဖွဲ့တွေတော့ လူ ၂၀၀ လောက်ပိတ်မိနေတယ်လို့ ပြောတာပဲ။” ဟု မူဆယ် ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲများကြောင့် မူဆယ်-မန္တလေး ကားများ မထွက်နိုင်ပဲ ကားလက်မှတ်များ ပြန်အမ်းခြင်း ရက်ရွှေ့ဆိုင်းထား ခြင်းများ လုပ်ထားရတယ်လို့ မူဆယ်မြို့ရှိ ရတနာစိန်ကားဂိတ်မှ တာဝန်ခံ က ပြောသည်။

“ကျနော် ရောင်းထားတာ ပြန်ပြီးရက်ရွှေ့လိုက်တာခင်ဗျား။ ညနေကားကြီးတွေ ရောင်းထားတာလည်း လက်မှတ် တွေ ပြန်အမ်းတယ်၊ ရက်ရွှေ့တယ်လို့ ကြားတယ်။ အဲလိုမျိုးပဲမထွက်ကြဘူး။ ကျနော်တို့ ဂိတ်က တစ်စီး ထွက် တာတောင် အခြေအနေမကောင်းဘူး၊ ဘာညာနဲ့ ၁၀၅ မိုင်ကနေ ပြန်လှည့်လာကြတယ်လေ။ တခြားဂိတ်က ကားတွေရောပဲ။ ကျနော်တို့ဂိတ်တွေကတော့ ကားလေးတွေပေါ့။ ၁၀၅ မိုင်တော့ မနက်က တော်တော်လေး အခြေအနေဆိုးတယ်။ ၁၀၅ မိုင်တင်မကဘူး၊ ပန်ဆိုင်းဖက်တွေလည်း ဖြစ်တယ်။” ဟု ရတနာစိန်ကားဂိတ်မှ တာဝန်ခံ က ပြောသည်။

KIA တပ်မဟာ ၆ နှင့် တပ်မဟာ ၄ လက်အောက်ခံ ရှိ တပ်ရင်းများနဲ့ မြန်မာအစိုးရတပ်မတော်တို့ အကြား တိုက်ပွဲများဖြစ်ပွားနေသောကြောင့် ဒေသခံများ နမ့်တောင်းဘုရားကျောင်းတွင်ခိုလှုံနေကြရတယ်လို့ မုံးကိုး ဒေသခံ ဦးဇခုန်နော်နော်က ပြောသည်။

“ဒီဖက်တော့ တပ်မဟာ ၆ နဲ့ တပ်မဟာ ၄ ဘက်တွေပေါ့ အဲ့မှာ ဖြစ်နေတာပါ။ ဒီမနက်တော့ ၁၀၅ မိုင် ဘက်မှာ လည်း ညီနောင် တအာင်းတပ်တွေ၊ ကျနော်တို့ KIA တွေရောနဲ့ မြန်မာတပ်တွေနဲ့ ဖြစ်တာပါ။ ၁၀၅ မိုင် ရဲစခန်း နားမှာ ဖြစ်တယ်။ နောက်ပြီး ပန်ဆိုင်းဘက်မှာလည်း ဖြစ်တယ်။ ဝင်လိုက် ထွက်လိုက် ပဲ။ နန်တောင်းဘက်လည်း အားလုံးပေါ့ တပြိုင်တည်း ဖြစ်တာ။ နမ့်တောင်းက ကလေးတွေနဲ့ လူတွေကိုတော့ ကျနော်တို့ ရိက္ခာတွေတော့ တတ်နိုင်သလောက်ပို့ထားတယ်။ ဘုရားကျောင်းမှာ နေနေကြတယ်။” ဦးဇခုန်နော်နော် က ပြောသည်။

အဆိုပါ တိုက်ပွဲများနှင့် ပတ်သက်၍ မူဆယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာ အခြေအနေအကြောင်းစုံကို မသိရသေးကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

KIA,TNLA,MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့နယ်နှင့် ကွက်ခိုင်မြို့နယ် အတွင်းရှိ တပ်စခန်းများ၊ ရဲစခန်း များနှင့် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းတို့အား တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်သဖြင့် အပြစ်မဲ့ ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက လည်း နိုဝင်ဘာလ ၂၀ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။