လူသားချင်းစာနာထောက်ထားမှု သူရဲကောင်းဆု ဒေါက်တာ စင်သီယာမောင် ရရှိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၉ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင်ရှိသော မယ်တော်ဆေးခန်းတည်ထောင်သူ မြန်မာနိုင်ငံသူတစ်ဦးဖြစ်သည့် ဒေါက်တာ စင်သီယာမောင် ကို နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သော AidEx အဖွဲ့မှ ၂၀၁၆ ခုနှစ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်းဆု AidEx Humanitarian Hero Award 2016 ကို ရွေးချယ်ချီးမြှင့်လိုက်သည်။

ဆုပေးပွဲအခမ်းအနားကို ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မြို့တွင် နိုဝင်ဘာလ ၁၆ ရက်နေ့က AidEx အဖွဲ့မှနေ၍ ဆုပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့တာဖြစ်သည်။

ဒေါက်တာ စင်သီယာမောင် သည် ကိုယ်ကျိုးမဖက် စေတနာနှင့် လူထုအကျိုးပြုလုပ်ငန်းများအား စွမ်းစွမ်းတမံ လုပ်ဆောင်နေခြင်းကြောင့် ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ဆုနှင့်ပတ်သက်၍ စင်ကာပူခရီးစဉ်မှ ထိုင်းနိုင်ငံကို ပြန်ရောက်လာသည့် ဒေါက်တာ စင်သီယာမောင် မှ ယခုလို ပြောဆိုသည်။

အဲ့ဒီဆုအနေအထားကတော့ အခု လက်ရှိ နိုင်ငံတကာမှာဖြစ်နေတဲ့ ဒုက္ခသည်ပြသနာ တွေကို လည်း သူတို့ ထပ်ပြီးတော့ မီးမောင်းထိုးပြတာဖြစ်သလိုပေါ့နော် ကျမတို့ အနေနဲ့လည်း မြန်မာနိုင်ငံ နယ်စပ်ဒေသအသီးသီးမှာ ဒီ ဒုက္ခသည်ပြသနာ ရှိနေသေးတယ်ဆိုတာရယ် နောက် တော့ တချို့ ဒုက္ခသည်တွေ အိမ်ပြန်ရေးတို့ ကိစ္စတွေကလည်း ဒီလို မငြိမ်သက်မှုတွေ ရှိနေတဲ့ အပေါ်မှာတော့ အခက်အခဲရှိတယ်ဆိုတဲ့အကြောင်းကို ဒီ လူသားချင်း စာနာထောက်ထားမှု အပိုင်းမှာရော နော် ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်ကိစ္စတွေရော ဒုက္ခသည် ပြသနာတွေ ဖြေရှင်းဖို့လိုအပ်တယ်ဆိုတာကိုလည်း ကျမတို့ ပိုပြီးတော့ ဒါ မီးမောင်းထိုးပြတာ ဖြစ်ပါတယ်။

ဒေါက်တာ စင်သီယာမောင် သည် ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီး ဖြစ်ပွားခဲ့ပြီးသည့် နောက်ပိုင်း ထိုင်း မြန်မာ နယ်စပ်ရောက်ရှိလာသည်။ ၁၉၈၉ ခုနှစ်တွင် ကျောင်းသားဆေးခန်း ဟု လူသိများသည့် မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့၍ နယ်စပ်ဒေသတွင်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် စစ်ပြေးဒုက္ခသည်များအား ကျန်းမာရေး ပညာရေး စသည့် လူမှုရေး စောင့်ရှောက်မှုများကို လုပ်ကိုင်နေသူ ဖြစ်သည်။

AidEx အဖွဲ့မှ ပေးအပ်သည့် ၂၀၁၆ ခုနှစ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူစွမ်းကောင်း ဆုကို မြန်မာနိုင်ငံက ဒေါက်တာ စင်သီယာမောင်ကို နောက်ဆုံး ဇကာတင် ၅ ဦးထဲမှ ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးဇကာတင်စာရင်းတွင် အခြားပါဝင်ခဲ့သူများမှာ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအပေါ် ဆန့်ကျင်လှုပ်ရှားသူ Jaha Dukureh၊ နိုင်ငံတကာ လူထုအကျိုးပြု လူမှုရေး လုပ်ငန်းထူထောင်သူ Dr Martin Fisher၊ အမေရိကန်နိုင်ငံ လူထုအကျိုးပူးပေါင်းဆောင်ရွက်မှု အဖွဲ့ထူထောင်သူ Shaima Ai Zarooni တို့ ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင် သည် ၂၀၁၃ ခုနှစ်တွင် ဆစ်ဒနီ ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရပြီး Ramon Magsaysay ဆု၊ အာရှဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆု၊ တိုင်းမ် မဂ္ဂဇင်း ၏ အာရှ သူရဲကောင်းဆု၊ ဆွစ်ဇလန် နှင့် အမေရိကန် ကျန်းမာရေးအဖွဲ့များမှ ချီးမြင့်သည့် Jonathan Mann Award ဆု များ အပါအဝင် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၂၄ ဆုရရှိခဲ့ပြီး ယခုဆုသည် ၂၅ ဆုမြောက် ရရှိခြင်း ဖြစ်သည်။