ဥပဒေဘောင်တစ်ခုတည်းအောက်တွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ရောက်ရှိရန်လိုဟုပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၂၀၁၆ ခုနှစ်။

မြန်မာ့တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေ ဘောင်တစ်ခုတည်း အောက် သို့ ရောက်ရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိပါက ပြည်တွင်းစစ် ပြသာနာကို ဖြေရှင်း နိုင်မည်မဟုတ်ဟု ဥပေဒေအထောက်အကူပြုကွန်ရက် (Legal Aid Network ) မှပြောသည်။

ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူ လူ့အခွင့်အရေး ရှေ့နေ ဦးအောင်ထူးက “တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေကော မြန်မာစစ်တပ်ကော နှစ်ခုစလုံးက ဥပဒေစိုးမိုး မှု ဘောင်တစ်ခုတည်း ရောက်ဖို့လိုတယ်။ အဲဒီ ဘောင်တစ်ခုတည်းကို ရောက်အောင်သွင်း ဖို့လိုတယ် ငါတို့ကပဲ တရားဝင်တပ် လက်နက်ကိုင်ထားတယ်၊ ကျန်တဲ့ တိုင်းရင်းတော်လှန်ရေး တပ်တွေက အကုန်လုံး တရားမဝင် လက်နက်ကိုင် တပ်တွေဖြစ်တယ်။ အကုန်လုံးဖျတ်ရမယ် ဖျတ်သိမ်းရေး လမ်း ကြောင်းကို စဉ်းစားမယ် ရှိနေသမျှ ကာလပတ်လုံး ဘယ်တော့မှ ပြည်တွင်းစစ် ပြသာနာကို ရှင်းလို့ မရဘူး။ လက်နက်ကိုင် တပ်ဖွဲ့တွေ အကုန်လုံးက ဥပဒေဘောင်တစ်ခုတည်း အောက်ကိုရောက် ဖို့လို တယ်။ အဲဒါကို အရင်ရှင်းဖို့လိုတယ်။ အဲဒါ မရှင်းနိုင်ပဲနဲ့ ပြည်တွင်းစစ်ပြသာနာ ရှှုင်းလို့မရဘူး။” ဟု ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ပေါများလာခြင်းသည် မြန်မာ့ တပ်မ တော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ဥပဒေဘောင်တစ်ခုတည်း အတွင်းတွင် ရှိမ နေခြင်းကြောင့် ဖြစ်သည်ဟု ဥပဒေအထောက်အကူပြုကွန်ရက် (Legal Aid Network )မှ သုံးသပ် ပြောဆိုသည်။

လက်နက်ကိုင်အဖွဲ့အစည်း အားလုံးကို အစိုးရအနေဖြင့် တရားဝင် အဖွဲ့အစည်း ဖြစ်အောင် ဖော်ဆောင် ပေးနိုင်မှသာ စစ်မှန်သောငြိမ်းချမ်းရေး၊ ပြည်တွင်းစစ် ပြသာနာကို အဆုံးသတ်နိုင်မည်ဟု ရှေ့နေ ဦးအောင်ထူးမှ ယခုလို ဆက်ပြောသည်။

“ပြည်တွင်းစစ်ပြသာနာကို မှန်ကန်စွာ ငြိမ်းနိုင်ဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တစ်ခုကို တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ပါဝင်ဖွဲ့စည်းပြီးတော့ တပ်တွေအကုန်လုံးက ဥပဒေစိုးမိုးမှု တစ်ခု တည်းအောက်ကို ရောက်ဖို့လိုတယ်” ဟု ရှေ့နေ ဦးအောင်ထူးမှ ပြော သည်။

မြန်မာနိုင်ငံတွင်းရှိ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တိုက်ခိုက်လာကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီ ဖြစ်သော်လည်း တစ်ဖွဲ့ကိုတစ်ဖွဲ့ အမြစ်ပြတ် အပြုတ် တိုက်နိုင်ခြင်းမရှိပေ။

ယခုနှစ်အတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်း သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအကြား ၂၁ ရာစု ပင်လုံညီလာခံ နောက်ပိုင်း စက်တင် ဘာလမှ စတင်၍ ဆက်တိုက်ဆိုသလို တိုက်ပွဲများဖြစ်ပွားနေသည်မှာ ယခုအချိန် အထိဖြစ်သည်။

ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာတွင် ပြည်သူလူထုအပါအဝင် ပါတီ များ၊ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၊ မြန်မာ့တပ်မတော် အစရှိသည့် အဖွဲ့များ အတူတကွ ပူးပေါင်းပါဝင် လုပ်ဆောင်မှ စစ်မှန်သည့် ငြိမ်းချမ်းရေးရရှိမည်ဖြစ်ပြီး မြန်မာ့တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် တစ်ပိုင်းတစ်စ ပူးပေါင်း ဆောင်ရွက်ခြင်းမျိုး မဟုတ်ပဲ အပြည့်အ၀ ပူးပေါင်းပါဝင်လုပ်ဆောင်ဖို့ လိုအပ်သည်ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာ မှပြောသည်။

“တပ်မတော်အနေနဲ့ လက်တွဲဆောင်ရွက်ဖို့လိုအပ်တယ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။ တပ်မ တော်ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်။ တစ်ပိုင်းတစ်စနဲ့ တော့ မရဘူး။ အခုအချိန်အထိ ကျနော်တို့က ငြိမ်းချမ်းရေး မရရှိသေးတာ ဒီ ငြိမ်းချမ်းရေး တည် ဆောက်တဲ့နေရာမှာ တပ်မတော်အနေနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိသေးလို့ ဖြစ်တယ်လို့ လူတွေကအဲလို သုံးသပ်တယ် ကျနော်ကအဲလိုပြောချင် တယ်။ ဘာကြောင့်လဲလို့ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးရေး မတ်တပ်နဲ့ တိုက်ပွဲတွေ ပေါ်ပေါ် လာတာက ဒါက မလိုလားအပ်တဲ့ တိုက်ပွဲတွေပဲ ဒါက” ဟု ဒေါက်တာ မနမ်တူးဂျာမှ ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြသာနာ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ဥပဒေဘောင် အတွင်း မှ ဖြေရှင်းခြင်းမရှိပဲ အဆင်ပြေသလို ဖြေရှင်းနေကြသည့်အတွက် ဥပဒေစိုးမိုးရေးနှင့် ဆန့်ကျင်သည့် လုပ်ဆောင်မှုများ ရှိနေသမျှကာလတစ်လျှောက် ပြသာနာများ အဆက်မပြတ် ပေါ်ပေါက်နေမည်ဖြစ်သည်ဟု ရှေ့နေ ဦးအောင်ထူးမှ ပြောဆိုသည်။