NLD အစိုးရသစ် ကချင်ဒုက္ခသည်အရေး စိတ်ဝင်စားမှု လျော့နည်း
သတင်းနှင့်မီဒီယာကွန်ရက်။
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၆ ခုနှစ်။
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရပြီးတက်လာသည့် NLD အစိုးရသစ်အနေဖြင့် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခ သည်များအား စိတ်ဝင်စားမှုမရှိပဲ လစ်လျူရှုထားသည်ဟု ဒုက္ခသည်များက ပြောသည်။
အသစ်တက်လာသည့် ကချင်ပြည်နယ် အစိုးရအနေဖြင့် တကြိမ်တခါမှ လာရောက်ကြည့်ရှုခြင်း၊ မေးမြန်းခြင်း၊ စိတ်ဝင်စားခြင်း မရှိဟု မြစ်ကြီးနားမြို့ အင်ခိုင်ဘွမ်တောင်ခြေ ပလန ကျေးရွာအုပ်စုထဲက ငွေပျော်စံပြ ကျေးရွာကို ပြောင်းရွှေ့လာသည့် စစ် ရှောင်ဒုက္ခသည်များမှ ပြောသည်။
“နဂိုအစိုးရတုန်းကတော့ ၂ လ တခါ ၃ လတခါ လာပြီး ရိက္ခာ ဆီတွေ ဘာတွေ ပဲတွေ ထုတ်ပေးတယ်။ အခုအစိုးရတော့ ဘာမှလည်း မလာတော့ဘူး။ ဘာမှလည်း လာကြည့်တာတွေ မရှိတော့ဘူး။ ကျနော်တို့ ရွာ သူရွာသားတွေ ဖြစ်စေချင်တာက စားနပ် ရိက္ခာမရတာ အရေးမကြီးဘူးပေါ့နော်၊ အလုပ် လုပ်ငန်းကိုင်ငန်း အခွင့်အလမ်းမျိုးပေါ့နော်၊ ရမယ်ဆိုရင်တော့ လိုချင်တာပါ့။ ကျနော်တို့က သူတို့ပေးတာတော့ မမျှော်ဘူးလေ နော်၊ ဒါပေမယ့် လုပ်စရာကိုင်စရာရှိရင်တော့ လုပ် စားနိုင်တယ်လေ။ အခုက လုပ်စားကိုင်စားနေရာလည်း မရှိ ဘူးလေ။ ဘာမြေတကွက်မှ မရှိဘူးလေ။ အိမ်တလုံး ဝိုင်းတဝိုင်းနဲ့ ဘာမှ လုပ်စားလို့မရဘူးလေ။ အဲ့ခါကြတော့ လုပ်ငန်းကိုင်ငန်းလုပ်ပေးမယ်ဆိုရင်တော့ ကျနော်တို့ ရွာသူရွာသားတွေ မျှော်လင့်တောင်းတာပါ့။” ဟု ငွေပျော် စံပြကျေးရွာမှ စစ်ရှောင် တစ်ဦးဖြစ်သူ ကိုဇော်ဝမ်း မှပြောသည်။
ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စု အင်ခိုင်ဘွမ်တောင်ခြေတွင် တည်ရှိခြင်းဖြစ်ပြီး၊ မြို့နှင့် အလှမ်းဝေးသောကြောင့် အလုပ်အကိုင် ရှားပါးသည့်အတွက် စားဝတ်နေရေး အဆင်မပြေသည့် ပြသာ နာများဖြင့် ကြုံတွေ့နေရသည်ဟု ငွေပျော်စံပြ ကျေးရွာမှ စစ်ရှောင်များက ပြောသည်။
ငွေပျော်စံပြကျေးရွာကို ယခင် ကချင်ပြည်နယ် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်တွင် ပြည်နယ်အစိုးရမှ ရွာတည် ပေးထားခြင်းဖြစ်ပြီး မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆွမ်ပါရာဘွမ် မြို့နယ်နဲ့ ချီဖွေမြို့နယ်ရှိ ဒုက္ခသည်စခန်းများမှ ပြောင်း ရွေ့လာကြသည့် စစ်ရှောင် ဒုက္ခသည်များ နေထိုင်ကြခြင်းဖြစ်သည်။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒုက္ခသည်များအား ပြည်နယ်အစိုးရမှ မကြာခနဆိုသလို လာရောက် ကြည့်ရှု တွေ့ဆုံ မေးမြန်းမှုများရှိပြီး လိုအပ်သည့်အကူအညီများအား ကူညီထောက်ပံ့ပေးခြင်း၊ တစ်ပိုင်တစ်နိုင် အလုပ်အကိုင်များ ဖန်တီးပေးခြင်းရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရလက် ထက်တွင်မူ ဒုက္ခသည်များအား အစိုးရအနေဖြင့် လာရောက်တွေ့ဆုံခြင်းမရှိဟု သိရသည်။
ဆွမ်ပရာဘွမ် စစ်ရှောင်စခန်းမှ ပြောင်းရွှေ့လာသည့် စစ်ရှောင်တစ်ဦး ဖြစ်သူ ဒေါ်ဟောင်းနှောမှ မိမိအနေဖြင့် ငွေပျော်စံပြကျေးရွာသို့ ပြောင်းရွှေ့လာခြင်းသည် မည်သည့်အရာမှ အဆင်မပြေသည့်အတွက် မှားယွင်းသော ရွေးချယ်မှုဖြစ်နေသည်ဟု ယခုလိုပြောသည်။
“အဆင်ပြေတယ်ဆိုတာ ဘာမှမရှိသလောက်ပါ့။ ဆွမ်ပရာဘွမ်မှာနေတုန်းက နွားမွေး ကျွဲမွေးပြီး အလုပ်လုပ် ကြ တာပေါ့။ ဒီရောက်တော့ အလုပ်အကိုင် မရှိဘူးပေါ့။ ကျမတို့ အခုလောလောဆယ်ဆယ် စားဝတ်နေရေး ပေါ့ ကျမတို့ ဒီမှာ အခြေကျသွားရင် စားသောက်တတ်ပြီဆိုရင်တော့ အဆင်ပြေသွားမှာပေါ့ ဖြေးဖြေး။ အခုက ဘာလုပ်စား ရမယ်ဆိုတာ မသိသေးဘူးပေါ့။ အဲ့ဒါကြောင့် စားဝတ်နေရေး ထောက်ပံ့ပေးစေချင်တာပေါ့။ လော လောဆယ်ဆယ် အလုပ်အကိုင်လည်း မရသေးဘူးဆိုတော့ သူများဆီ နေ့စားသွားမယ်ဆိုလည်း နေ့စားခေါ်တဲ့ လူက မရှိဘူး ဒီမှာက အဲ့လိုဖြစ်နေတာ။ ကိုယ့်စုဆောင်းထားတဲ့ နားကပ်လေးရောင်းလိုက် ဆွဲကြိုးလေး ရောင်းလိုက်တဲ့ စားနေကြတာပေါ့။” ဟု ဒေါ်ဟောင်းနှောမှ ပြောသည်။
ဒုက္ခသည်များအနေဖြင့် မိမိတို့ နေထိုင်ရာနေရပ်ဒေသသို့ ပြန်ရောက်နေထိုင်လိုသော်လည်း နှစ်ဖက်စစ်တပ် များရှိနေခြင်း၊ စစ်ရေးတင်းမာသည့်အတွက် တိုက်ပွဲများမကြာခဏဖြစ်ခြင်းကြောင့် ပြန်ချင်သော်လည်း မပြန်ရဲပဲ ရှိနေသည်ဟု သိရသည်။
ငွေပျော်စံပြကျေးရွာ စတင်တည်ထောင်ချိန်မှ ပြောင်းရွှေ့လာသူတစ်ဦးက NLD အစိုးရ အနေဖြင့် မိမိတို့အား ယခုကဲ့သို့ ပစ်မထားရန် ဒုက္ခသည် တစ်ဦးက ယခုလိုပြောသည်။
“NLD အစိုးရအနေနဲ့ လူထုနဲ့ မကင်းကွာစေချင်ဘူး။ အရင်အစိုးရအဆက်ဆက်တုန်းက လူထုနဲ့ နှစ်လ တကြိမ် သုံးလတကြိမ် လာတယ်။ လူထုနဲ့တွေ့တယ်။ အခုငါတို့ NLD အစိုးရတက်လာမှ လူထုနဲ့က လုံးဝမ တွေ့ သေး ဘူး။ ဖြူလားမဲလားတောင် မသိဘူးဖြစ်နေတယ်။ ဒီတိုင်းသာဆိုရင် NLD က ပြောင်းလဲချိန်တန် ပြီဆိုတာ ကိုယ့်ကို သူများပြောင်းသွားလိမ့်မယ်”
ငွေပျော်စံပြကျေးရွာသည် ယခင်အစိုးရလက်ထက်တွင် စစ်ရှောင်စခန်းများတွင် အဆင်မပြေသည့် မနေချင် သော စစ်ရှောင်ဒုက္ခသည်များအတွက် ကျေးရွာပုံစံမျိုး တည်ထားပေးခြင်းဖြစ်သည်။
သို့သော် ကျေးရွာတည်ပြီး နောက်ပိုင်း ကူညီထောက်ပံ့မှုများ သိသိသာသာ လျှောနည်းလာခဲ့ပြီး ယခု NLD အစိုး ရလက်ထက်တွင် မည်သည့် အကူညီမှ လာရောက် ကူညီပေးခြင်း မရှိဟု သိရသည်။
ငွေပျော်စံပြကျေးရွာတွင် နေထိုင်သည့် စစ်ရှောင် ဒုက္ခသည်များအနေဖြင့် စားဝတ်နေရေး၊ အလုပ်အကိုင် စသည့် အခြေခံလိုအပ်ချက်များ အဆင်မပြေသည့်အတွက် တိုက်ပွဲများ ရပ်တန့်ပြီး နေရပ်ရင်းပြန်ရေးကိုသာ မျှော်လင့်နေကြသည်ဟု စစ်ရှောင်များကပြောသည်။။